ပွဲကို ဦးဆောင်ထားနိုင်တဲ့ အခြေအနေတွေမှာ ဘာစီလိုနာအနေနဲ့ တာဝန်ယူမှုပိုရှိသင့်တယ်လို့ ဇာဗီ ဆို
9:33 AM, 19 December
ဇာဗီဟာ ယမန်နေ့ည အယ်လ်ချီကို ၃-၂ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်က ရလဒ်အပေါ် ကျေနပ်လျက် ရှိနေပါတယ်။ ဘာစီလိုနာအသင်းဟာ ၂ဂိုးပြတ် ဦးဆောင်ပြီးမှ ၂ဂိုးပြန်ပေးခဲ့ရလို့ နီကို ဂွန်ဇာလက်ဇ်ရဲ့ နောက်ကျဂိုးကြောင့်သာ အိမ်ကွင်းမှာ နိုင်ပွဲရရှိခဲ့ပါတယ်။
ဇာဗီက “ကျွန်တော်တို့ အချို့အရာတွေကို ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ လွတ်သွားတာတွေလည်း အများကြီး ရှိပါတယ်။ အယ်လ်ချီက ခုလိုမျိုးကြီး ပြန်လာနိုင်စရာ အကြောင်းမရှိပါဘူး။ ကျွန်တော်တို့ tactical foulတွေ လုပ်နိုင်ရပါမယ်။ သူတို့ ဂိုးတွေရသွားတာကြောင့် သရေပြန်ဖြစ်သွားပြီး ကျွန်တော်တို့ အခြေအနေကို ထိခိုက်စေခဲ့ပါတယ်။ ၃မှတ်ရတာ အရမ်းကောင်းပေမဲ့ ကျွန်တော်တို့ ပုံစံအတိုင်း ပြန်ကစားပြီး position game ပြန်ဖြစ်ရပါမယ်။ ဒါကအလှည့်အပြောင်းဖြစ်ဖို့ မျှော်လင့်ပေမဲ့ ပွဲကို ကိုယ်တိုင်ပဲ ရှုပ်ထွေးအောင် လုပ်ခဲ့ပါတယ်”
“ကျွန်တော် အခွင့်အရေးတွေ မယူနိုင်ခဲ့ပဲ အမှားတွေကြောင့် သူတို့ ပြန်လည်ရှင်သန်လာခဲ့ပါတယ်။ အဲ့ဒီလို လုပ်လို့ မရပါဘူး။ ကျွန်တော်တို့ ဒီထက်ပိုလုပ်ပြပြီး နိုင်ပွဲရနေချိန် တာဝန်ယူမှု ပိုရှိရပါမယ်။ ၃မှတ်ရတဲ့အတွက်တော့ ကျေနပ်ပါတယ်”လို့ ပြောခဲ့ပါတယ်။
ဂါဗီဟာ အဆိုပါပွဲစဉ်မှာ အထူးခြေစွမ်းပြခဲ့ပြီး တစ်ကိုယ်တော် သွင်းဂိုးသွင်းယူခဲ့ကာ မက်ဆီတင်ထားခဲ့တဲ့ ဘာကာ တတိယမြောက် အသက်အငယ်ဆုံး ဂိုးသွင်းသူဆိုတဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
ဇာဗီက “သူ အကောင်းဆုံးပွဲစဉ်တစ်ခု ကစားနိုင်ခဲ့တာပါ။ သူရဲ့ ရည်မှန်းချက်နဲ့ ကိုယ်ရည်ကိုယ်သွေးကြောင့် ခုလို ကစားနိုင်ပြီး ဂိုးသွင်းတာ၊ ဖန်တီးမှု ပြုလုပ်တာတွေ လုပ်နိုင်ခဲ့တာပါ။ သူက အသင်းအတွက် အနာဂတ် ဖြစ်ပေမဲ့ သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ အရူဂျို၊ နီကိ၊ အက်ဘ်ဒီ သူတို့အားလုံးက အနာဂတ်တွေ ဖြစ်ပြီး အရမ်းကောင်းတဲ့ မျိုးဆက်တွေပါ”
“ရီကွီပုချ်ရဲ့ ဒီအသက်အရွယ်နဲ့ ပြသထားတဲ့ ခြေစွမ်းကိုတောင် ကျွန်တော် လန့်နေရပေမဲ့ သူတို့ အရမ်းကောင်းပါတယ်။ ဂါဗီက ခံစားရလွယ်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အလွန်လျင်မြန်ပေမဲ့ ၁၇နှစ်ပဲ ရှိပါသေးတယ်။ သူက ပွဲကို ပြောင်းလဲနိုင်ပြီး သူ့ကို ပြန်ရခဲ့လို့ ဝမ်းသာပေမဲ့ အားလုံးနဲ့ နှိုင်းနေတာမျိုးတော့ မလုပ်ချင်ပါဘူး။ သူက ရပ်တန့်နေခြင်းမရှိပဲ အသင်းကို ကူညီနေပါတယ်”လို့ ဆိုခဲ့ပါတယ်။