တော့တင်ဟမ်နဲ့ ပွဲကို မရွှေ့ဆိုင်းတာကြောင့် ရုပ်သံထုတ်လွှင့်သူတွေဘက်ကိုလိုက်ခဲ့တယ်လို့ ပရီးမီးယားလိဂ်ကို ရော်ဂျာ စွပ်စွဲ
9:43 AM, 16 December
လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာက အခြားသောပွဲတွေ ရွှေ့ဆိုင်းနေချိန်မှာ ပရီးမီးယားလိဂ်ဟာ ရုပ်သံထုတ်လွှင့်သူတွေရဲ့ဖိအားကိုကြောက်နေတာကြောင့် တော့တင်ဟမ်နဲ့ ပွဲကို ကန်ခိုင်းနေတယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။
ကိုဗစ်ပိုးပျံ့နှံ့မှုတွေရှိနေတာကြောင့် တော့တင်ဟမ်နဲ့ လက်စတာအသင်းတို့ဟာ အခုပွဲကိုရွှေ့ဆိုင်းဖို့ အလိုရှိနေကျကာ တောင်းဆိုမှုတွေလည်းပြုလုပ်နေကြပါတယ်။ အင်္ဂါညတုန်းကတော့ ယူနိုက်တက်အသင်းမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင့် ဘရန့်ဖို့ဒ်ပွဲကို ရွှေ့ဆိုင်းခဲ့တာဖြစ်ကာ ပြီးခဲ့တဲ့အပတ်တုန်းက ဘရိုက်တန်နဲ့ ပွဲတုန်းကိုလည်း ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဘန်လေနဲ့ ဝက်ဖို့ဒ်ပွဲကလည်း ပွဲမကန်ခင် ၁ နာရီခွဲအလိုမှာ ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် အခြားတောင်းဆိုမှုတွေကတော့ ပယ်ချခံခဲ့ရပြီး ပရီးမီးယားလိဂ်က ကိုဗစ်ပြဿနာကို အနည်းဆုံးဖြစ်အောင် လုပ်ဆောင်နေပါတယ်။
ပရီးမီးယားလိဂ်ရုပ်သံထုတ်လွှင့်ခွင့်စာချုပ်တွေနဲ့ပတ်သက်ပြီး "ဒီကိစ္စက ကျွန်တော် သေချာပြောနိုင်ပါတယ်။ ကစားသမားတွေ ၊ နည်းပြတွေဟာ ပွဲတွေကို ကစားချင်ပါတယ်။ ဒါပေမယ့် ကစားသမားတွေရဲ့ကျန်းမာရေးက အရေးကြီးဆုံးပါ။ တကယ်လို့ အဲ့ကစားသမားတွေ ကျန်းမာနေမယ်ဆိုရင် ပိုကောင်းတဲ့ပွဲဖြစ်လာမှာပါ"လို့ ရော်ဂျာက ပြောကြားခဲ့ပါတယ်။
တောင်းဆိုမှုတစ်ခုချင်းစီတိုင်းကို တစ်ဆင့်ချင်းသွားတာဖြစ်ကာ စီနီယာအသင်း ၊ ယူ - ၂၃ အသင်းတို့ရဲ့ကစားသမားတွေ ကိုဗစ်ဖြစ် မဖြစ်အပေါ်လည်း မူတည်နေပါတယ်။ ယူနိုက်တက်နဲ့ တော့တင်ဟမ်တို့ရဲ့လေ့ကျင့်ရေးကွင်းကိုတော့ ပိတ်ထားခဲ့ရပါတယ်။ ရော်ဂျာက ပရီးမီးယားလိဂ်အင်အားကြီးကလပ်တွေနဲ့ သူတို့ဟာ ကွဲပြားခြားနားစွာ ဆက်ဆံခံနေရတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
တော့တင်ဟမ်အသင်းနည်းပြ ကွန်တီကလည်း လက်စတာနဲ့ပွဲကို မရွှေ့ဆိုင်းတာကြောင့် စိတ်ပျက်မိတယ်လို့ ပြောကြားခဲ့ကာ ရန်းနက်စ်နဲ့ ယူရိုပါကွန်းဖရန့်လိဂ်ကိုလည်း ကိုဗစ်ကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။ ယူအီးအက်ဖ်အေကတော့ ဒီဇင်ဘာ ၃၁ ရက်နေ့မတိုင်ခင် မကန်နိုင်ပါက ရန်းနက်စ်ကို အနိုင်ပေးဖို့ ပြင်ဆင်နေပါတယ်။
"ကျွန်တော်တို့ ဒီပွဲကိုကစားဖို့ ထိုက်တန်သလို နောက်တစ်ဆင့်ကို တက်နိုင်ဖို့အတွက် ကြိုးစားခွင့်ရှိပါတယ်။ ကျွန်တော်တို့အမှားကြောင့် မဟုတ်ပဲ အစိုးရက အသင်းလေ့ကျင့်ရေးကွင်းကို ပိတ်ခဲ့တာကြောင့်ပါ"လို့ ကွန်တီက ပြောကြားခဲ့ပါတယ်။
စနေနေ့မှာ ကစားမယ့် နောဝစ်ချ်နဲ့ ဝက်စ်ဟမ်းပွဲလည်း မသေချာသေးတဲ့ အနေအထားမျိုးရောက်နေပါတယ်။