ရှေ့သို့
Image

ယူ ၂၃ အသင်းမှာ ကစားခွင့်ပေးဖို့ တောင်းဆိုခဲ့တဲ့ ယူနိုက်တက် နောက်ခံလူ ဖီးလ်ဂျုံးစ်

2:55 PM, 14 December

မန်ချက်စတာယူနိုက်တက်ရဲက အမေ့လျော့ခံ ကစားသမားတစ်ယောက်ဖြစ်တဲ့ ဖီးလ်ဂျုံးစ်ကတော့ ချဲလ်ဆီးနဲ့ ကစားမယ့် ယူနိုက်တက် ယူ ၂၃ အသင်းရဲ့ ပွဲစဉ်မှာ ပါဝင်ကစားခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဗဟိုနောက်ခံလူဟာ နည်းပြသစ် ရာ့ဖ်ရန်နစ်ကို ထရိန်နင်မှာ အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့ပြီး ပွဲကစားတဲ့အတွေ့အကြုံတွေ ပြန်လည်ရယူလိုနေတာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်လူငယ်အသင်းဟာ လာမယ့်သောကြာနေ့မှာ ဆောင်းရာသီနားချိန် မတိုင်မီ နောက်ဆုံးပွဲစဉ်အဖြစ် ချဲလ်ဆီးလူငယ်အသင်းနဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်ဟောင်း ဖီးလ်ဂျုံးစ်ဟာ အဲ့ဒီပွဲမှာ ပါဝင်ကစားချင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နောက်ခံလူဟာ လာမယ့်ဆောင်းရာသီပွဲကျပ်တွေမှာ ဂျာမန်သားနည်းပြကြီး ခေါ်တဲ့အခါ အဆင်သင့်ဖြစ်နေဖို့အတွက် ကြိုတင်ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

ရန်နစ်ကိုယ်တိုင်လည်း ဂျုံးစ်ရဲ့ ထရိန်နင်က စွမ်းဆောင်ရည်ကို သဘောကျကြောင်း ပြောခဲ့ပါတယ်။ လိုက်ပ်ဇစ်နည်းပြဟောင်းက ပြီးခဲ့တဲ့ ယန်းဘွိုင်းစ်နဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲစဉ်မှာ ဂျုံးစ်သာ ပြိုင်ပွဲလူစာရင်းထဲ ပါဝင်ခဲ့ရင် သေချာပေါက်ရွေးချယ်မှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဒီအချက်တွေကြောင့် ဂျုံးစ်အနေနဲ့ ယူနိုက်တက်လူငယ်အသင်းရဲ့ ပရီးမီးယားလိဂ် ၂ ပွဲစဉ်မှာ ပါဝင်ကစားပြီး ပွဲအတွေ့အကြုံ ပြန်ယူဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

ဂျုံးစ်အနေနဲ့တော့ ယူ ၂၃ အသင်းမှာ ကစားရတာ ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။ စက်တင်ဘာလတုန်းကလည်း အာဆင်နယ်လူငယ်အသင်းနဲ့ ပွဲမှာ ပါဝင်ကစားခဲ့ဖူးပြီး အဲ့ဒီပွဲမှာ ဂိုးသမားဒင်းဟန်ဒါဆန်လည်း ပါဝင်ကစားခဲ့ပါသေးတယ်။ ဂျုံးစ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲဖြစ်တဲ့ ချဲလ်ဆီး၊ အာဆင်နယ်၊ ခရစ္စတယ်ပဲလေ့စ်၊ နောဝစ်ချ်တို့နဲ့ ပွဲစဉ်တွေရဲ့ လူစာရင်းမှာ ထည့်သွင်းရွေးချယ်ခဲ့ပါတယ်။

နိုဝင်ဘာလတုန်းက စတမ်းဖို့ဒ်ဘရစ်မှာ ကစားခဲ့တဲ့ ပွဲစဉ်ဟာ ရက်ပေါင်း ၆၅၀ ကြာ ဝေးကွာခဲ့တဲ့ အသင်းရဲ့ ကစားသမားစာရင်းထဲမှာ ပထမဆုံးအကြိမ် ပြန်လည်ပါဝင်ခွင့် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဂျုံးစ်အနေနဲ့ အခုလို ကာလရှည်နားနေရတာကြောင့် အသင်းဘက်ကတော့ ဂျုံးစ်ကို ရောင်းထုတ်ဖို့ စဉ်းစားနေပြီဖြစ်ပါတယ်။ ဖီးလ်ဂျုံးစ်ဟာ လက်ရှိအချိန်မှာ ပွဲတွေလည်း အလှမ်းဝေးနေပေမယ့် ဝက်ဖို့ဒ်နဲ့ နယူးကာဆယ်အပါအဝင် အသင်းပေါင်း ၁၃ သင်းခန့်က စိတ်ဝင်စားလျက်ရှိပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖီးလ်ဂျုံးစ်