ရှေ့သို့
Image

စူပါအေးဂျင့်ဖြစ်သူ ရွိုင်းအိုလာနဲ့ ဟော်တယ်မှာ တွေ့ဆုံခဲ့တဲ့ ဘာစီလိုနာဥက္ကဌ လာပေါ်တာ

1:30 PM, 14 December

ဘာစီလိုနာဥက္ကဌ လာပေါ်တာကတော့ ဟာလန်း နဲ့ ပေါ့ဂ်ဘာတို့ကိစ္စအတွက် စူပါအေးဂျင့် ရွိုင်းအိုလာနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ဘာစီလိုနာဟာ ဘဏ္ဍာရေးပြဿနာရှိနေပေမယ့် အဆိုပါကစားသမား ၂ ဦးကို နွေရာသီကတည်းက ချိတ်ဆက်နေခဲ့တာဖြစ်ပါတယ်။

စာချုပ်ပါအချက်ကြောင့် ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကိုပေါင် ၆၄ သန်းလောက်နဲ့ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။  ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာကတော့ ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ကာ အလွတ်နဲ့ထွက်ခွာမှာဖြစ်ပါတယ်။ အီတလီအပြောင်းအရွှေ့အကျော်အမော် ရိုမာနိုက လာပေါ်တာဟာ အပြောင်းအရွှေ့အတွက် ရွိုင်းအိုလာနဲ့ အီတလီမှာ တွေ့ဆုံခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

"လာပေါ်တာ နဲ့ ရွိုင်းအိုလာတို့ တိုရီနိုမှာ တွေ့ဆုံခဲ့ကြပါတယ်။ လာပေါ်တာက ပီဒရီကြောင့် အီတလီကို ရောက်နေပါတယ်။  အစည်းအဝေးအတွက် ပြီးခဲ့တဲ့အပတ်ကတည်းက အစီအစဉ်ချခဲ့ကြတာပါ"လို့ ရိုမာနိုက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဟာလန်းရဲ့အေးဂျင့်ဟာ အခုအပတ်မှာပဲ မန်စီးတီးကိုပြောင်းဖို့ တံခါးဖွင့်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။  စီးတီးဟာ အဂူရိုနေရာအတွက် အသက် ၂၁ နှစ်သားကိုမျက်စိကျနေပြီး ဟယ်ရီကိန်းကိုခေါ်ယူဖို့ ပြင်ဆင်ခဲ့ပေမယ့် အဆင်မပြေခဲ့တာဖြစ်ပါတယ်။

"ဟာလန်းအနေနဲ့ နောက်တစ်ဆင့်တက်ဖို့ လိုနေပါပြီ။ ဘိုင်ယန် ၊ ရီးရဲလ်၊ ဘာစီလိုနာ ၊ မန်စီးတီး ကြိုက်တာကို သွားလို့ရပါတယ်"လို့ ရွိုင်းအိုလာက ပြောကြားခဲ့ပါတယ်။ အီတလီစူပါအေးဂျင့်ဟာ ဟာလန်းရဲ့ဖခင်ဖြစ်သူနဲ့ အပြောင်းအရွှေ့အတွက် လုပ်ဆောင်နေတာဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ဟာလန်း #ရွိုင်းအိုလာ #လာပေါ်တာ