ရှေ့သို့
Image

ထောင့်ကန်ဘောကို ညာခြေကနေ ဘယ်ခြေနဲ့ ပြောင်းကန်ပြသွားဖူးတဲ့ ကာဇိုလာ

11:30 AM, 13 December

အာဆင်နယ်ကြယ်ပွင့်ဟောင်း ဆန်တီကာဇိုလာကတော့ သူဟာခြေနှစ်ဖက်လုံးသန်တဲ့ ကစားသမားတွေထဲမှာ အကောင်းဆုံး ကစားသမားဖြစ်ကြောင်း ထောင့်ကန်ဘောကို ညာခြေကနေ ဘယ်ခြေနဲ့ ပြောင်းကန်ပြသွားခဲ့ဖူးပါတယ်။

အာဆင်နယ်ကွင်းလယ်လူဟောင်းဟာ သူ့ရဲ့ခြေထောက် နှစ်ဖက်လုံးနဲ့ ဘောလုံးကို ကစားနိုင်စွမ်းရှိပြီး ဒီနည်းစနစ်ပိုင်း အရည်အသွေးကို ထုတ်သုံးတဲ့ပွဲရယ်လို့တော့ သိပ်မရှိပါဘူး။ ဒီအရည်အသွေးကြောင့်ပဲ ကာဇိုလာဟာ ကစားသမားမျှ လိဂ်တိုင်းရဲ့ ကွင်းလယ်ကစားသမားတွေထဲမှာ တစ်မူထူးခြားနေသူလည်း ဖြစ်ပါတယ်။ ကာဇိုလာတစ်ယောက် အာဆယ်နယ်မှာ ခြေစွမ်းပြနေချိန်တုန်းက ဘယ်ခြေက ပိုသန်လဲဆိုတာ သတိထားမိခဲ့ကြလား။

ကာဇိုလာရဲ့ဒီအားသာချက်ကို အသင်းဖော်တွေကတောင် ရံဖန်ရံခါအသုံးပြုတတ်ပါသေးတယ်။ ၂၀၁၆ တုန်းက ဝက်ဖို့ဒ်နဲ့ပွဲတစ်ခုမှာဆိုရင် ဂန်းနားတွေ ထောင့်ကန်ဘောရရှိခဲ့ပြီး ကာဇိုလာက သူ့ရဲ့ညာခြေနဲ့ ကန်ဖို့အဆင်သင့်ဖြစ်နေပါပြီ။ ဒါပေမယ့် အသင်းခေါင်းဆောင် လောရန့်ကိုစီရယ်နီက စပိန်သားကို ခြေထောက်ပြောင်းကန်ဖို့ လှမ်းအချက်ပြခဲ့တာကြောင့် ကာဇိုလာက တစ်ချက်ပြုံးပြီး ဘယ်ခြေနဲ့ ပြောင်းကန်သွားခဲ့ပါတယ်။

ခြေထောက်ပြောင်းကန်ခဲ့တာကြောင့် ဂိုးစည်းထဲမှာ အသင်းဖော်တွေ နေရာယူချိန်ပိုရသွားသလို၊ အချိန်ဆွဲရာလည်း ရောက်သွားခဲ့ပါတယ်။ ကာဇိုလာကတော့ ဒါကသူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်သာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အာစင်ဝင်းဂါးရဲ့အသင်းဟာ အဲ့ဒီပွဲကို ၃-၁ နဲ့ အနိုင်ရရှိခဲ့ပြီး ကာဇိုလာကလည်း အဖွင့်ဂိုးကို ပင်နယ်တီကနေ သွင်းယူနိုင်ခဲ့ပါတယ်။ တစ်ချို့ကတော့ အာဆင်နယ်ဟာ ဒါမျိုးအချိန်ဆွဲတာမျိုးကို ရည်ရွယ်ချက်ရှိရှိလုပ်တာလို့ ပြောခဲ့ကြပါသေးတယ်။

လက်ရှိ ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကာဇိုလာက “ ကျွန်တော် ငယ်ငယ်လေးကတည်းက ညာခြေကိုပဲ ပိုအားသန်ပါတယ်။ နောက်ပိုင်း ညာဘက်ခြေကျင်းဝတ်က ဒဏ်ရာကြောင့် နာနေတတ်တာကြောင့် ဘယ်ခြေနဲ့ ပိုပြီးကစားဖြစ်လာတယ်။ ခြေထောက်နှစ်ဖက်လုံးနဲ့ ကစားရတာက ကျွန်တော့်အတွက်တော့ ဘောလုံးစကစားချိန်ကနေ ခုထိပုံမှန်ပါပဲ။

ဒါပေမယ့် ကျွန်တော့်ရဲ့ခြေစွမ်း ကျဆင်းမသွားဖို့အတွက်တော့ စိတ်ဓာတ်ကြံ့ခိုင်မှုအပြည့်နဲ့ အလုပ်ဆက်ကြိုးစားဖို့တော့ လိုတာပေါ့။ အရာအားလုံးက အလုပ်ကြိုးစားမှုကနေ ဖြစ်တည်လာတာချည့်ပါပဲ။ ထရိန်နင်ပြီးတဲ့အခါတိုင်း နောက်နာရီဝက်လောက်ဆက်နေပြီး အားနည်းတဲ့ခြေထောက်နဲ့ နံရံကို အကန်လေ့ကျင့်ပါတယ်။ ဒါတွေကို ကျော်ဖြတ်လာပြီးမှ ဘယ်ခြေက ပိုသန်မာပြီး ပိုကောင်းအောင် ကန်လာနိုင်တာပါ” လို့ ပြောပြခဲ့ပါတယ်။

#ကာဇိုလာ #အာဆင်နယ်