ရှေ့သို့
Image

ဖလာမင်ဂိုကို အပြီးပြောင်းရွှေ့လိုနေတဲ့ ယူနိုက်တက်ကွင်းလယ်လူ ပါရဲယား

2:36 PM, 12 December

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ အန်ဒရေးပါရဲယားကတော့ ယူနိုက်တက်ကနေ ထွက်ခွာပြီး ဖလာမင်ဂိုကို အပြီးပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ ဘရာဇီးလက်ရွေးစင်ဟာ ယူနိုက်တက်မှာ ပွဲထွက်ခွင့်မရရှိခဲ့တဲ့နောက် သြဂုတ်လက ဖလာမင်ဂိုကို အငှားနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းကလည်း လာဇီယိုမှာ အငှားထွက်ကစားခဲ့ပြီး ချန်ပီယံလိဂ် ကစားခွင့်ရရှိခဲ့ပေမယ့် စီးရီးအေကလပ်ရဲ့ တာဝန်ရှိသူတွေ သူ့ကိုအပြီးခေါ်ချင်လောက်အောင် ကောင်းမွန်တဲ့ ခြေစွမ်းမျိုးတော့ ပြသနိုင်ခဲ့ခြင်း မရှိပါဘူး။ ပါရဲယားဟာ ယူနိုက်တက်နည်းပြဟောင်း လူးဝစ်ဗန်ဟား လက်အောက်မှာ ယူနိုက်တက်ပထမအသင်းအတွက် စတင်ပွဲထွက်ခွင့် ရရှိခဲ့တာ ၆ နှစ်ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့်လည်း ယူနိုက်တက်အသင်းကြီးမှာတော့ ထင်သလောက် ခြေစွမ်းပြသနိုင်ခဲ့ခြင်း မရှိပါဘူး။

လက်ရှိယူနိုက်တက် နည်းပြရာ့ဖ်ရန်နစ်ကလည်း ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ စီစဉ်ထားပြီဖြစ်သလို ယာယီနည်းပြအနေနဲ့ရော၊ အသင်းအကြံပေးအနေနဲ့ပါ ဈေးကွက်ထဲမှာ ကွင်းလယ်ကစားသမားသစ်တွေကို ရှာဖွေသွားမှာ ဖြစ်တာကြောင့် ပါရဲယားအတွက် ယူနိုက်တက်မှာ နေရာပျောက်ဖို့များပါတယ်။ လက်ရှိကစားနေတဲ့ ဖလာမင်ဂိုမှာလည်း ခြေစွမ်းပြသနိုင်နေတာကြောင့် ပါရဲယားရဲ့ အပြောင်းအရွှေ့က အမှန်တကယ်ဖြစ်ပေါ်လာနိုင်ပါတယ်။

ပါရဲယားကတော့ “ ကျွန်တော့်ရည်ရွယ်ချက်ကတော့ ဖလာမင်ဂိုမှာပဲ ဆက်နေပြီး ရနိုင်သမျှ အောင်မြင်မှုတိုင်းကို ရယူသွားဖို့ပါပဲ။ ဥက္ကဌလန်ဒင်နဲ့ မားကို့စ်ဘရက်ဇ်တို့နဲ့ စကားပြောခဲ့ပါတယ်။ ပရိသတ်တွေအတွက် စိတ်တိုင်းကျစေမယ့် ခြေစွမ်းမျိုး ကျွန်တော်ပြသနိုင်ခဲ့တယ် ထင်ပါတယ်။ ကျွန်တော်ပြောခဲ့သလိုပဲ ၊ ကျွန်တော့်ကိုလည်း ဒီအသင်းသားအဖြစ် မှတ်ယူပြီး လာမယ့်နှစ်မှာလည်း ဒီကချန်ပီယံဆုတွေ အားလုံးကို ရယူသွားချင်ပါတယ် ” လို့ ESPN ကိုပြောခဲ့ဖူးပါတယ်။

#မန်ချက်စတာယူနိုက်တက် #အပြောင်းအရွှေ့ #ပါရဲယား #ဖလာမင်ဂို