ရှေ့သို့
Image

အက်စတွန်ဗီလာနဲ့ ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပြီးနောက် ဗာဒီရဲ့ စံချိန်ကို လိုက်မီတော့မယ့် ဆာလက်

2:34 PM, 12 December

စနေနေ့က အက်စတွန်ဗီလာကို ၁-၀ နဲ့ အနိုင် ရရှိခဲ့တဲ့ပွဲစဉ်မှာ မိုဟာမက်ဆာလက်ဟာ သူ့ရဲ့ ဒီရာသီ ၁၄ ဂိုးမြောက် ပရီးမီးယားလိဂ် သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ အဆိုပါဂိုးနဲ့အတူ ဆာလက်ဟာ ၁၄ ပွဲဆက် လီဗာပူးအတွက် သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေပြုလုပ်နိုင်ခဲ့ပြီး ၁၅ ပွဲဆက်ပြုလုပ်နိုင်ခဲ့တဲ့ ဂျေမီဗာဒီရဲ့ စံချိန်ကို လိုက်မီဖို့ တစ်ပွဲသာလိုပါတော့တယ်။

လက်စတာကြယ်ပွင့် ဗာဒီဟာ အဆိုပါစံချိန်ကို ၂၀၁၅ တုန်းက သြဂုတ်လနဲ့ ဒီဇင်ဘာလကြားမှာ ရရှိခဲ့တာဖြစ်ပါတယ်။ ဆာလက်ကတော့ ဗီလာနဲ့ပွဲ ပထမပိုင်းမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ပွဲချိန် ၆၇ မိနစ်မှာ တိုင်ရုန်မင်းစ်ရဲ့ ကစားပုံကြမ်းတမ်းမှုကနေ ရရှိခဲ့တဲ့ ပင်နယ်တီကို ကိုယ်တိုင်ကန်သွင်းယူခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် လီဗာပူးဟာ အန်ဖီးလ်မှာ ၁၇ ပွဲဆက် ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့ပြီး ဂန္တဝင်အသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်ကို ဗီလာနည်းပြဘ၀ ဒုတိယမြောက် ရှုံးပွဲ ကြုံတွေ့သွားစေခဲ့ပါတယ်။

ဆာလက်ဟာ အခုဆိုရင် ပရီးမီးယားလိဂ်မှာသွင်းယူခဲ့တဲ့ ဂိုးတွေထဲမှာ ပင်နယ်တီ ၁၅ ဂိုးထိရှိသွားခဲ့ပြီး သူထက်ပိုများတာဆိုလို့ ပင်နယ်တီ ၂၃ ဂိုးသွင်းခဲ့တဲ့ မတ်လီတီဆီယာ တစ်ဦးသာရှိပါတော့တယ်။ လာမယ့်ဇန်နဝါရီ ၁၁ ရက်နေ့မှာတော့ အီဂျစ်အသင်းနဲ့အတူ ၂၀၂၁ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ နိုက်ဂျီးရီးယားကို ရင်ဆိုင်ရမှာဖြစ်လို့ ဒီလိုခြေစွမ်းမျိုး နိုင်ငံအသင်းမှာရော ပြနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတော့ ရှိနေပါတယ်။ နှစ်သင်းစလုံး အုပ်စု D မှာ ဆူဒန်၊ ဂီနီယာတို့နဲ့ ကျရောက်လျက်ရှိပါတယ်။

လီဗာပူးကတော့ လက်ရှိပရီးမီးယားလိဂ်မှာ ၁၆ ပွဲကစားပြီးနောက် ရမှတ် ၃၆ မှတ်နဲ့ အဆင့် ၁ နေရာက မန်စီးတီးထက် ၁ မှတ်လျော့ပြီး အဆင့် ၂ နေရာမှာ ရပ်တည်လျက်ရှိပါတယ်။ လာမယ့်ကြာသပတေးညမှာလည်း နယူးကာဆယ်ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။

#လီဗာပူး #အက်စတွန်ဗီလာ #ဆာလက် #ဗာဒီ