ရှေ့သို့
Image

နောဝစ်ချ်နဲ့ ပွဲကို အနိုင်ရခဲ့တာဟာ ဂိုးသမား ဒီဂီယာကြောင့်သာ ဖြစ်တယ်လို့ ဝန်ခံလိုက်တဲ့ ရန်နစ်

9:42 AM, 12 December

ရက်ဖ် ရန်နစ်က ယူနိုက်တက်တို့ ယမန်နေ့ည နောဝစ်ချ်နဲ့ပွဲစဉ်မှာ အနိုင်ရခဲ့တာက ဂိုးသမား ဒေးဗစ် ဒီဂီယာကြောင့် ဖြစ်တယ်လို့ ဆိုခဲ့ပြီး ကစားသမားတွေရဲ့ ကိုယ်လက်အမူအရာက လုံလောက်တဲ့ ကောင်းမွန်မှု မရှိဘူးလို့ ဝန်ခံခဲပါတယ်။

ယူနိုက်တက်တို့ နောဝစ်ချ်ကို ၁-၀ဂိုးနဲ့ နိုင်ခဲ့ပေမဲ့ စွမ်းဆောင်ရည်ကတော့ ပြိုင်ဘက်ကို စိုးမိုးထားနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ပွဲအပြီးမှာ ရန်းနစ်က တိုက်စစ်မှူးတွေဟာ အကောင်းဆုံး စွမ်းဆောင်ရည် ထုတ်ပြနိုင်ဖို့ ပြင်းပြင်းပြပြ ကစားဖို့ လိုအပ်တယ်လို့ ပြောခဲ့ပြီး နောဝစ်ချ်ရဲ့ စွမ်းဆောင်ရည်ကိုလည်း ချီးကျူးသွားခဲ့ပါတယ်။

ရန်နစ်က “နောဝစ်ချ်က တန်းဆင်းဇုန်ထဲက အသင်းလို ကစားတာ မဟုတ်ဘူးဆိုပြီး ကျွန်တော် ဒင်းစမစ်ကို ပြောခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ တိုက်စစ်ပိုင်းက ကိုယ်လက်အမူအရာ ပိုကောင်းလာပေမဲ့ ပြိုင်ဘက်ကို အခွင့်အရေးတွေ ဆက်ပေးနေခဲ့ပါတယ်။ နောက်ဆုံး ဒီဂီယာကြောင့် ကျွန်တော်တို့ ပွဲကို နိုင်ခဲ့တာပါ”လို့ ပြောခဲ့ပါတယ်။

ဖာနန်ဒက်စ်၊ ရော်နယ်ဒို၊ ရက်ရှ်ဖို့၊ ဆန်ချိုတို့အကြောင်း ပြောရာမှာ ရန်းနစ်က “အထူးသဖြင့် ကျွန်တော်တို့ တိုက်စစ်ပိုင်းမှာ ကိုယ်လက်အမူအရာ၊ စူးစိုက်မှု၊ ပြင်းထန်စွာ ကစားမှုတွေ လိုအပ်နေဆဲဖြစ်ပြီး ဒါကတိုက်စစ်မှူးတွေအပြင် နံပါတ်၁၀နေရာ ကစားတဲ့ ၂ဦးပါ လိုအပ်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲကလို စူးစိုက်မှုမျိုးနဲ့ မကစားခဲ့ပေမဲ့ ဒါက နောဝစ်ချ် ကစားပုံနဲ့လည်း သက်ဆိုင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ နောက်ခံလူ လင်ဒီလော့ဖ် အသက်ရှူရခက်ခဲတဲ့ အခြေအနေကြောင့် လူစားလဲခဲ့ရပေမဲ့ ဆေးကုသမှု ခံယူပြီးတဲ့နောက် အဆင်ပြေပုံရပါတယ်လို့ ရန်းနစ်က ဆိုခဲ့ပါတယ်။ ဒင်းစမစ်ကတော့ ရော်နယ်ဒိုရဲ့ ပင်နယ်တီ ရရှိပုံနဲ့ ပတ်သက်ပြီး မကျေနပ်မှုကို ဖွင့်ဟခဲ့ပါတယ်။

“ထိုက်တန်တဲ့အရာကို အမြဲတမ်း မရတတ်ပါဘူး။ သူ့ကို ထိလိုက်တာ ပျော့ပါတယ်။ သူ့ လက်မောင်းနဲ့လား၊ ပခုံးနဲ့လား။ အဲ့ဒါကရော ကစားသမားတစ်ယောက် လဲကျဖို့ လုံလောက်ရဲ့လား။ မဖြစ်နိုင်ပါဘူး”လို့ ဆိုခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဒီဂီယာ #နောဝစ်ချ် #ရန်နစ်