ရှေ့သို့
Image

ရန်နစ်ရဲ့ နည်းစနစ်ပိုင်းနဲ့ အမူအကျင့်တွေကို ယူနိုက်တက် ကစားသမားများ နှစ်သက်နေ

3:08 PM, 11 December

မန်ချက်စတာယူနိုက်တက် ကစားသမားတွေဟာ နည်းပြရန်နစ်ရဲ့ ပထမဆုံးနှစ်ပွဲ အသင်းကို ကိုင်တွယ်သွားပုံကို သဘောကျနေကြတယ်လို့ သိရပါတယ် ဂျာမန်သားကြီးဟာ ယူနိုက်တက်ကို ရာသီကုန်ထိ တာဝန်ယူသွားမှာ ဖြစ်ပြီးရာသီကုန်ကျမှ အမြဲတမ်း နည်းပြသစ်တစ်ဦးကို ခန့်အပ်သွားဖို့ ရှိနေပါတယ်။

ရန်နစ်ဟာ နည်းပြဟောင်းဆိုးလ်ရှားရဲ့နေရာမှာ အစားဝင်လာခဲ့ပြီး အတွေ့အကြုံအလွန်များသူ ဖြစ်တာကြောင့် နည်းပြတစ်ယောက်အနေနဲ့ ဒါရိုက်တာ တစ်ယောက်အနေနဲ့ပါ အသင်းကို ကောင်းကောင်းအုပ်ချုပ်နိုင်သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့နည်းပြဘ၀ တစ်လျှောက်လုံးမှာလည်း ကစားသမားကောင်းတွေ မွေးထုတ်ခဲ့ရုံတင်မကပဲ ကမ္ဘာကျော်လူငယ်နည်းပြတွေကိုတောင် မွေးထုတ်ပေးခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

လက်ရှိဂျာမန်လူမျိုး ထိပ်တန်းနည်းပြတွေဖြစ်နေတဲ့ ဂျာဂန်ကလော့ပ်၊ သောမတ်စ်တူချယ်၊ ဂျူလီယန်နာဂျယ်မန်း၊ ရာ့ဖ်ဟာဆန်ဟတ်တဲလ်တို့ဟာ တစ်ချိန်က ရန်နစ်ရဲ့ နည်းပြအဖွဲ့ဝင်တွေ ဖြစ်ခဲ့ကြဖူးပါတယ်။ ယူနိုက်တက်ဟာ ရန်နစ်ရဲ့အတွေ့အကြုံတွေကို အဓိကထားပြီး အသင်းကို ပြန်လည်တည်ဆောက်ဖို့နဲ့ အကယ်ဒမီက ပါရမီရှင်လူငယ်တွေကို မွေးထုတ်ဖို့ စီစဉ်ထားပါတယ်။ မက်ဂယ်ရီရဲ့ ဖော်ပြချက်အရ ယူနိုက်တက် ကစားသမားတွေဟာ ရန်နစ်ရဲ့ နည်းစနစ်တွေနဲ့ အမူအကျင့်တွေကို နှစ်သက်နေကြတယ်လို့ သိရပါတယ်။

ကစားသမားတွေဟာ နည်းပြသစ်ရဲ့ တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ၊ အသင်းအပေါ်သတ်မှတ်တဲ့ စည်းကမ်းနဲ့ အုပ်ချုပ်ပုံတွေကိုလည်း လက်ခံပြီး လိုက်နာကြတယ်လို့ ဖော်ပြထားပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ စိတ်ဓာတ်ပိုင်းလိုအပ်ချက်တွေများပြီး အသင်းလိုက်စွမ်းဆောင်ရည် ကျဆင်းမှုတွေကြောင့် ပရိသတ်တွေက အကြီးအကျယ် ဝေဖန်ခဲ့ကြပါတယ်။

ဒါတွေကို ပြင်ဆင်ပေးနိုင်ဖို့အတွက် ထရိန်နင်ကွင်းမှာ အသင်းကိုစုစုစည်းစည်းနဲ့ စိတ်ဓာတ်မြှင့်တင်ပေးနိုင်မယ့် နည်းပြတစ်ဦးကို ပရိသတ်တွေကလည်း အလိုရှိခဲ့ကြပါတယ်။ ရန်နစ်ဟာ အသင်းကြီးတွေကို တာဝန်မယူခဲ့ဖူးသလို၊ ပရီးမီးယားလိဂ်ကိုလည်း ယူနိုက်တက်နဲ့မှ ပထမဆုံးအကြိမ် ရောက်ရှိလာတာဖြစ်ပါတယ်။

ဒါပေမယ့် သူ့ရဲ့ပထမဆုံးပွဲစဉ်ဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ၃ မှတ်အပြည့် ရခဲ့သလို ချန်ပီယံလိဂ်မှာလည်း ယန်းဘွိုင်းစ်ကို လူငယ်တွေ၊ အရန်ကစားသမားတွေနဲ့ သရေတစ်မှတ်ရအောင် စွမ်းဆောင်ပေးထားပါတယ်။ စနေနေ့ည (ယနေ့) ၁၂ နာရီမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ်နဲ့ နောဝစ်ချ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရဖို့လည်း ရှိနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရန်နစ်