ရှေ့သို့
Image

ပွဲကျပ်ကာလမတိုင်ခင် လေ့ကျင့်ခန်း အပြည့် ပြန်ဆင်းနေတဲ့ ဗာရာနီကြောင့် အားတက်စရာဖြစ်လာတဲ့ ယူနိုက်တက်

10:53 AM, 10 December

ယူနိုက်တက်အသင်းဟာ နောက်ခံလူ ရာဖေးလ် ဗာရာနီ လေ့ကျင့်ခန်းအပြည့် ပြန်ဆင်းဖို့ ရှိနေတာကြောင့် ပွဲကျပ်ကာလမတိုင်ခင် အားတက်စရာ ဖြစ်လာခဲ့ပါတယ်။ ၂၈နှစ်သားဟာ ပြင်သစ်နဲ့ သွားပူးပေါင်းစဉ် ပေါင်ခြံဒဏ်ရာရခဲ့တဲ့ အောက်တိုဘာလကုန်ကနေ စတင်ကာ ရုန်းကန်နေခဲ့ရတာ ဖြစ်ပါတယ်။  

လွန်ခဲ့တဲ့ ၁၀ရက်ကတော့ ဗာရာနီတစ်ယောက် GYMအမှာ လေ့ကျင့်နေခဲ့ပြီးမှ လေ့ကျင့်ရေးကွင်းထဲကို ပြန်လာခဲ့ပါတယ်။ The Sunရဲ့ ဖော်ပြချက်အရ ယခုအချိန်မှာတော့ ဗာရာနီတစ်ယောက် အသင်းကြီးနဲ့ ပူးပေါင်းဖို့ မီးစိမ်းပြမှု ရရှိခဲ့ပြီလို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်းဟာ စနေည နောဝစ်ချ်နဲ့ပွဲစဉ် အရန်လူစာရင်းမှာတောင်  ပါလာနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဖြစ်နိုင်ဆုံးကတော့ လာမယ့်အပတ် အင်္ဂါနေ့ ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာ ဖြစ်လိမ့်မယ်လို့ အဆိုပါသတင်းမှာ ဖော်ပြထားပါတယ်။

နည်းပြ ရန်နစ်ကလည်း ဗာရာနီ အသင်းကြီးနဲ့ ပြန်လည်ပူးပေါင်းခဲ့ပြီဖြစ်ကြောင်း ယမန်နေ့ည ယန်းဘွိုင်းစ်နဲ့ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ ရန်နစ်ဟာ ယန်းဘွိုင်းစ်နဲ့ပွဲစဉ်မှာ အပြောင်းအလဲ အများအပြား လုပ်ခဲ့ပြီး ခံစစ်မှာ ဘိုင်လီနဲ့ မာတစ်တို့ကို တွဲပေးထားခဲ့ပါတယ်။

မာတစ်ကို အသင်းခေါင်းဆောင်အဖြစ် ခံစစ်မှာ ပွဲထုတ်ကာ မက်ဂွါရီနဲ့ လင်ဒီလော့ဖ်တို့ကို အနားပေးထားခဲ့ပါတယ်။ ယူနိုက်တက်ဟာ စနေညမှာ တန်းဆင်းဇုန်ထဲက နောဝစ်ချ်ကို အဝေးကွင်းမှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဗာရာနီ