ရှေ့သို့
Image

ရန်နစ်ရဲ့ စီမံခန့်ခွဲပုံနဲ့ စကားပြောပုံတွေကို ချီးကျူးခဲ့တဲ့ စကော့မက်တွန်မီနေး

10:51 AM, 10 December

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ စကော့မက်တွန်မီနေးက နည်းပြသစ်ရာ့ဖ်ရန်နစ်ရဲ့ စီမံခန့်ခွဲပုံအကြောင်း ပြောပြခဲ့သလို ယူနိုက်တက်ယာယီနည်းပြကြီးရဲ့ ပြောစရာရှိရင် တည့်ပြောတတ်တဲ့ အကျင့်ကိုလည်း ချီးကျူးခဲ့ပါတယ်။ ယူနိုက်တက်ဟာ တနင်္ဂနွေနေ့က နည်းပြရန်နစ်ရဲ့ ပွဲဦးထွက်မှာ ခရစ္စတယ်ပဲလေ့စ်ကို ၁-၀ နဲ့ နိုင်ခဲ့ပြီး ဒုတိယပွဲဖြစ်တဲ့ ယန်းဘွိုင်းစ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ၁-၁ သရေရလဒ် ရရှိအောင်စွမ်းဆောင်ထားပါတယ်။

ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ နိုင်ပွဲရရှိခဲ့ပေမယ့်လည်း အသင်းကို နောက်ဆုံး ၁၃ ပွဲမှာ ၇ ပွဲရှုံးပြီး ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြအိုလီဂန်နာဆိုးလ်ရှားလက်ကနေ လွှဲပြောင်းယူပြီးကတည်းက ဂျာမန်သားနည်းပြကြီးဟာ အသင်းသားတွေရဲ့ ယုံကြည်မှုကို ရရှိထားပါတယ်။ မက်တွန်မီနေးဆိုရင်လည်း နည်းပြသစ်ရဲ့ ထရိန်နင်မှာ ပွင့်ပွင့်လင်းလင်းနဲ့ အားလုံးတည့်ပြောတတ်တဲ့ ပုံစံကိုသဘောကျမိကြောင်း ပြောခဲ့ပါတယ်။

မက်တွန်မီနေးက “ပထမဆုံး တွေ့ဆုံမှုကတော့ အရမ်းကိုအဆင်ပြေပါတယ်။ သူကအရမ်းတည်ကြည်တယ်၊ သူလိုချင်တာကိုသူ သေချာသိပြီးတော့ ရအောင်လုပ်ယူတယ်။ အစည်းအဝေးမှာဆိုလည်း ရှင်းတယ်၊ ဘောလုံးအကြောင်းပဲ တန်းပြောတတ်တယ်။ ဘောလုံးကိုတင်မယ်၊ ရှင်းထုတ်မယ်၊ ဖိကစားမယ် စသဖြင့်ပေါ့။ သူပြောတာကို မလိုက်နာရင်တော့ တွန့်ဆုတ်မနေပဲ တည့်ပြောတယ်။ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ရလဒ်ကောင်းရခဲ့ပြီး ရှေ့ဆက်ကစားမယ့်ပွဲတွေကိုလည်း အနိုင်ယူနိုင်ဖို့ မျှော်လင့်ပါတယ်။ ဘောလုံးဆိုတာ အရမ်းအပြောင်းအလဲ မြန်ပါတယ်၊ ကိုယ့်အလုပ်ကိုယ် သေချာလုပ်နိုင်မှဖြစ်တာမျိုးပါ။ ကျွန်တော်တို့အတွက်တော့ နားထောင်မယ်၊ သင်ယူမယ်ဆိုတာပဲရှိတယ်။ သူ့ရဲ့စိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့ အကောင်းဆုံး ကစားချင်တယ်၊ အဆုံးမရှိတဲ့ နိုင်ပွဲလည်း လိုချင်တယ်။ နိုင်ပွဲတွေ ရယူပြီးအသင်းကို တိုးတက်အောင်လုပ်ဖို့ကလည်း သူနဲ့နည်းပြအားလုံး လိုချင်တဲ့အချက်ပါပဲ”ဆိုပြီး ပြောခဲ့ပါတယ်။

ယူနိုက်တက်အကယ်ဒမီထွက် မက်တွန်မီနေးဟာ ၂၀၁၈ တုန်းက နည်းပြဂျိုဆေးမော်ရင်ဟို လက်ထက်မှာ စတင်ပွဲထွက်ခွင့် ရရှိခဲ့ပြီးနောက် ပထမအသင်းရဲ့ ပုံမှန်ပွဲထွက်ခွင့်ရ ကစားသမား တစ်ယောက်ြဖ်ခဲ့ပါတယ်။  ဒါပေမယ့် တစ်ချို့ကတော့ McFred ဆိုပြီး နာမည်ကြီးတဲ့ သူနဲ့ အသင်းဖော် ဘရာဇီးသား ဖရက်တို့ရဲ့ ကွင်းလယ်ကစားဟန်ကို မကြာခဏဆိုသလို ဝေဖန်ခဲ့ပါတယ်။ စကော့တန်လက်ရွေးစင်က သူတို့နှစ်ယောက်လုံး အသင်းရလဒ်တွေဆိုးနေချိန်တုန်းက ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပေမယ့် ဒီအနီရောင်ဝတ်နေသမျှ ကာလပတ်လုံး အချိန်မရွေး ပေးဆပ်ကစားဖို့အသင့်ပါပဲဆိုပြီး ပြောခဲ့ပါသေးတယ်။

မက်တွန်မီနေးက “တစ်ခါတစ်လေ ပွဲတွေက အရမ်းခက်တယ်။ ဒီရာသီဆို ပိုဆိုးတယ်၊ ကျွန်တော်တို့နှစ်ယောက်လုံး (သူနဲ့ဖရက်ဒ်)ဖြစ်ဖြစ် တစ်ဦးချင်းဖြစ်ဖြစ် အသင်းအတွက် ခြေစွမ်းပြကစားနိုင်ဖို့ ရုန်းကန်ခဲ့ကြရတယ်။ ကျွန်တော်ရဲ့အစွမ်းကုန်ကြိုးစားရုံကလွဲလို့ တခြားပြောစရာမရှိပါဘူး။ ပိုတိုးတက်လာဖို့အတွက် ကြိုးစားသင်ယူပြီး ကစားနေပါတယ်။ နည်းပြသစ်လည်း ရောက်လာပြီဆိုတော့ ကျွန်တော်လုပ်နိုင်သမျှ အားလုံးကို မခိုမကပ်ကြိုးစားမှာပါ။ ကျွန်တော့်ကိုဝေဖန်ခဲ့တာတွေရှိပေမယ့် နောက်ကွယ်မှာ ဘယ်လောက်ထိ ကြိုးစားခဲ့ရလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်အသိဆုံးပါပဲ”ဆိုပြီးထပ်လောင်း ပြောခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #မက်တိုမီနေး #ရန်နစ်