ရှေ့သို့
Image

ဆွန်ဟောင်မင်က ယူနိုက်တက်မှာဆိုလည်း ခြေစွမ်းပြနိုင်တယ်လို့ ပက်ဂျီဆန် ထောက်ခံ

9:26 AM, 10 December

မန်ချက်စတာယူနိုက်တက် ဂန္တဝင်ကစားသမား တစ်ယောက်ဖြစ်တဲ့ ပက်ဂျီဆန်ကတော့ တော့တင်ဟမ်ကြယ်ပွင့် ဆွန်ဟောင်မင်ဟာ အိုးလ်ထရက်ဖို့ဒ်မှာဆိုလည်း ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိနိုင်ကြောင်းပြောခဲ့သလို အသင်းဟောင်းယူနိုက်တက်ကိုလည်း ဆွန်ကိုခေါ်ယူဖို့အတွက် တိုက်တွန်းခဲ့ပါတယ်။

ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ပွဲ ၂၀၀ ကျော် ကစားခဲ့တဲ့ တောင်ကိုရီးယားသားကြီးက သူ့ရဲ့ဂျူနီယာ ဆွန်ဟောင်မင်ကို ယူနိုက်တက်မှာ ကစားတာနေတာကို အမြဲလိုလို မြင်တွေ့ချင်မိခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ ပက်ဂျီဆန်က ဆွန်အနေနဲ့ ယူနိုက်တက်ကိုသာ ပြောင်းမယ်ဆိုရင် စိုးရိမ်စရာဆိုလို့ နံပါတ် ၇ ပိုင်ရှင် ခရစ္စတီယာနိုရော်နယ်ဒိုဆီက ကျောနံပါတ်ကို ယူနိုင်ဖို့မဖြစ်နိုင်တဲ့ တစ်ချက်ပဲရှိလိမ့်မယ်ဆိုပြီး အရွှန်းဖောက်ခဲ့ပါတယ်။

ပက်ဂျီဆန်က “ဆွန်က ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနိုင်တယ်ဆိုတာကို သက်သေပြခဲ့ပြီးပါပြီ၊ ယူနိုက်တက်မှာဆိုလည်း အကောင်းဆုံး ကစားနိုင်မယ်လို့ ယုံကြည်တယ်။ စိုးရိမ်စရာဆိုလို့ သူအကြိုက်ဆုံး နံပါတ် ၇ က ခရစ္စတီယာနိုရော်နယ်ဒိုရသွားတာပဲ ရှိပါတယ်။ ဒါပေမယ့် ဆွန်မဟုတ်တဲ့ တခြားတစ်ယောက်ဆိုရင်တော့ ဝုဗ်က ဟွမ်ဟီချန်းနဲ့ မာရော့ကာက လီကန်အင်တို့ကို ရွေးချယ်ချင်ပါတယ်။ သူတို့နှစ်ယောက်စလုံးက ထိပ်တန်းကစားသမားတွေ ဖြစ်လာမယ့်သူတွေချည့်ပါပဲ”ဆိုပြီး ပြောခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆွန်ဟာ လက်ရှိပရီးမိးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်ကစားသမား တစ်ဦးအဖြစ်ရပ်တည်နေပြီး စုစုပေါင်းပရီးမီးယားလိဂ် ၂၁၁ ပွဲကစားထားရာမှာ သွင်းဂိုး ၇၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄၁ ကြိမ်ပြုလုပ်ထားပါတယ်။ ဒါ့အပြင့် ပက်ဂျီဆန်က သူ့ရဲ့အသင်းဖော်ဟောင်း ရော်နယ်ဒိုကိုလည်း ချီးကျူးခဲ့ပါသေးတယ်။

ပက်ဂျီဆန်က “ပရီးမီးယားလိဂ်မှာ အထူးသဖြင့် ယူနိုက်တက်မှာပေါ့နော်၊ အရမ်းအောင်မြင်ခဲ့ပြီးမှ အသင်းဟောင်းကို တစ်ကျော့ပြန်လာပြီး အရင်က အောင်မြင်မှုမျိုး ပြန်ယူဖို့ဆိုတာ လုံးဝမလွယ်ပါဘူး ဒါပေမယ့် အဲ့ဒါကို ကစားသမားတစ်ယောက်ကတော့ လုပ်ပြနိုင်မယ်လို့ထင်တယ်။ အခြားသူတော့ မဟုတ်ဘူး ရော်နယ်ဒိုပါ။ သူက အလုပ်ကြိုးစားလွန်းသူလို့ လူသိများပါတယ်၊ တကယ်လည်း ထရိန်နင်ကွင်းကို ပထမဆုံးရောက်နှင့်နေကျသူပါ။ ယူနိုက်တက်မှာ ကစားခဲ့တဲ့တစ်လျှောက်လုံး သူ့ထက်အရင် ထရိန်နင်ကွင်းကို ရောက်နှင့်တဲ့သူ မရှိသလောက်ပါပဲ။ နောက်တစ်ချက်ကတော့ ဘောလုံးအတွက်ဆိုရင် နိုင်လိုစိတ်ပြင်းထန်လွန်းတာပါပဲ။ အသက် ၃၆ နှစ်မှာတော့ ခုလိုခြေစွမ်းပြနေတော့ သူ့ကိုလူတွေက ချီးမွမ်းကြပေမယ့် အသင်းဖော်ဟောင်း တစ်ယောက်အနေနဲ့ ဒီခြေစွမ်းမျိုးက ရော်နယ်ဒိုရဲ့ သာမန်အဆင့်လောက်ပဲ ရှိတာကိုသိနေတော့ အံ့သြစရာမရှိပါဘူး ” ဆိုပြီး ချီးကျူးခဲ့ပါသေးတယ်။

#မန်ချက်စတာယူနိုက်တက် #ဆွန်ဟောင်မင် #ပက်ဂျီဆန်