မကြာခင် ကစားရတော့မယ့် ယူရိုပါလိဂ်ကွန်းဖရင့်လိဂ်ဆိုတာ ဘာပြိုင်ပွဲမှန်းတောင် မသိပါဘူးလို့ ရော်ဂျာစ် ဝန်ခံ
9:22 AM, 10 December
လက်စတာနည်းပြ ဘရန်ဒန် ရော်ဂျာစ်က ယူရိုပါကွန်းဖရင့်လိဂ်ဆိုတာ ဘာပြိုင်ပွဲမှန်းတောင် မသိပါဘူးလို့ ဝန်ခံခဲ့ပြီး နာပိုလီကို ရှုံးနိမ်ခဲ့တဲ့ပွဲစဉ်က အသင်းရဲ့ တုံးအပြီး ဆိုးရွားတဲ့ ခံစစ်ပိုင်းကို အပြစ်တင်ခဲ့ပါတယ်။
လက်စတာအသင်းတို့ အုပ်စုCမှာ နာပိုလီကို ၃-၂ဂိုးနဲ့ ရှုံးခဲ့ပြီး စပါးတက် မော်စကိုက လီဂါယာဝါဆောကို ၁-၀ဂိုးနဲ့ နိုင်ခဲ့တာကြောင့် အဆင့်၃နေရာကို ရောက်သွားကာ ယူရိုပါကွန်းဖရင့်လိဂ်မှာ ကစားရတော့မှာပါ။ လက်စတာတို့ ယခုအချိန်မှာတော့ မတ်လအစား ဖေဖော်ဝါရီကတည်းက ဥရောပပွဲစဉ်တွေ ကစားရတော့မှာ ဖြစ်ပြီး ယူရိုပါကွန်းဖရင့်လိဂ်မှာ အုပ်စု ဒုတိယရခဲ့တဲ့ အသင်း၈သင်းထဲက ၁သင်းနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။
ယူရိုပါကွန်းဖရင့်လိဂ် ဗိုလ်စွဲရေးက အဓိက ပစ်မှတ် ဖြစ်သွားပြီလားလို့ မေးတဲ့အခါ ရော်ဂျာစ်က “အရိုးသားဆုံးပြောရရင် အဲ့ဒါ ဘာပြိုင်ပွဲမှန်းတောင် ကျွန်တော် မသိပါဘူး။ မျှမျှတတ ပြောရရင် ကျွန်တော် ယူရိုပါလိဂ်ကို အာရုံစိုက်ပြီး အုပ်စုပထမနေရာရဖို့ ဒါမှမဟုတ် ဒုတိယနေရာရဖို့ ဖြစ်ပေမဲ့ ဒီပြိုင်ပွဲအတွက် လေးစားသမှုနဲ့ ပြောရရင် ဒါဘာမှန်း ကျွန်တော် သေချာမသိပါဘူး။ ဒါပေမဲ့ ကျွန်တော် မကြာခင် သိသွားမယ်ဆိုတာ သေချာပါတယ်”လို့ ပြောခဲ့ပါတယ်။
အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် ရော်ဂျာစ်က “ကျွန်တော်တို့အသင်းမှာ တုံးအမှုတွေ အများကြီး မြင်ရပြီး လူငယ်အများကြီး ပါနေကာ ဒီနှစ်ရာသီက သူတို့အတွက် တောင်းဆိုမှု များနေတယ်ထင်ပါတယ်။ ကျွန်တော်တို့ ကစားကွက်နဲ့ စနစ်အပြောင်းအလဲ အများကြီး လုပ်ခဲ့ပြီး ဒီပွဲမှာက တစ်ဦးချင်းအခြေအနေတွေမှာ တောင်ပံ ဖြတ်တင်ဘောတွေကို တားဆီးနိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမဲ့ အဲ့ဒါက ကျွန်တော် အဖြေရှာရမယ့် တာဝန်တစ်ခုပါ”
“ဒီနေ့ည ကျွန်တော်တို့ တိုက်စစ်ပိုင်းက ကောင်းတယ်လို့ ခံစားရပေမဲ့ ခံစစ်ကတော့ လုံလောက်တဲ့ ကောင်းမွန်မှု လုံး၀မရှိခဲ့ပါဘူ။ တတိယဂိုးကို ကြည့်မယ်ဆိုရင်လည်း ပြေးသွားတဲ့သူနောက်က အမီလိုက်ရမှာဖြစ်ပြီး မီသွားရင် ဖြတ်တင်ဘောကို တားဆီးနိုင်မှာပါ။ အဲ့ဒါက ကောင်းကောင်း မကစားနိုင်တဲ့ ပွဲတစ်ပွဲက အခြေခံ အချက်အလက်ပါပဲ။ ကျွန်တော် ကီယာနန် တစ်ယောက် အသင်းအတွက် အကောင်းဆုံး ကစားသွားနိုင်တဲ့အတွက်တော့ ဝမ်းသာပါတယ်။ သူ့အတွက် ဒါကအတွေ့အကြုံသစ်ဖြစ်ပြီး အသင်းကောင်း ၁သင်းနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဒါပေမဲ့ ခုလို ဂိုးတွေ လွယ်လွယ်ဂိုးတွေ ပေးခဲ့ရပါတယ်။ ကျွန်တော်တို့ အခွင့်အရေးကောင်းတွေ ရခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့လို့ စိတ်ပျက်မိပြီး ကျွန်တော်တို့ ခံစစ်ပိုင်းက လုံလောက်တဲ့ ကောင်းမွန်မှု မရှိခဲ့ပါဘူး”လို့ ဆိုခဲ့ပါတယ်။