ရှေ့သို့
Image

အူအတက်ယောင်လို့ ဆေးရုံပြန်တက်နေရတဲ့ ဘရာဇီးဂန္တဝင်ကြီး ပီလီ

4:21 PM, 9 December

ဘရာဇီးဂန္တဝင်ကြီးပီလီကတော့ အူအတက်ဝေဒနာကြောင့် ဆော်ပေါ်လိုမြို့မှာရှိတဲ့ အဲလ်ဘတ်အိုင်းစတိုင်းဆေးရုံမှာ တက်ရောက်ဆေးကုသမှုခံယူ နေတယ်လို့သိရပါတယ်။ ၈၁ နှစ်အရွယ် ဘရာဇီးလက်ရွေးစင်ဟောင်းကြီးဟာ အခြေအနေကောင်းနေပြီး နောက်ရက်အနည်းငယ်ဆိုရင် ဆေးရုံပြန်ဆင်းမယ်လို့လည်း သိရပါတယ်။

ကမ္ဘာ့ဖလားချန်ပီယံ ၃ ကြိမ်ရ ပီလီဟာ စက်တင်ဘာလတုန်းက အူအတက် ခွဲစိတ်မှုခံယူခဲ့ပြီး ဆေးရုံမှာ တစ်လနီးပါး နေခဲ့ရပါသေးတယ်။ ဆေးရုံကတော့ တစ်ချိန်တည်းမှာ ဓာတုကုသမှု ခံယူဖို့လိုအပ်တယ်လို့လည်း ပြောခဲ့ပါတယ်။ အဲ့ဒါကြောင့် ဗုဒ္ဓဟူးနေ့က ဆေးရုံကိုတစ်ခေါက်ပြန်သွားပြီး သူ့ရဲ့ကုသမှုကို ဆက်လက်ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ပီလီက သူ့ရဲ့အင်စတာဂရမ်မှာ “ကျွန်တော်နည်းနည်းဆီ ပြန်ကောင်းနေပြီ မိတ်ဆွေတို့၊ ဘောလုံးတောင် ပြန်ကစားလို့ ရတော့မှာပါ ဒါပေမယ့် နောက်ရက်အနည်းငယ်တော့ နားရဦးမယ်။ ဒီမှာရောက်တုန်း အနားယူရင်း မိတ်ဆွေနဲ့ စကားတွေအများကြီး ပြောဖြစ်တယ်။ မက်ဆေ့ဂျ်တွေ ပိုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မကြာခင် ပြန်တွေ့ကြမယ် ” ဆိုပြီး သူ့ရဲ့အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။  

ပီလီဟာ ဆေးရုံကို တစ်လတစ်ခါလောက် သွားနေရပြီး ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းလောက်ကလည်း ဆေးစစ်ရင်းက အူအတက်ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဆေးရုံရဲ့ထုတ်ပြန်ချက်မှာတော့ လက်ရှိဖြစ်တဲ့ အူအတက်နဲ့ နှလုံးသွေးကြောပြဿနာက သက်သက်စီဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ပီလီဟာ ကမ္ဘာ့ဖလားသုံးကြိမ်ရရှိထားတဲ့ တစ်ဦးတည်းသော အမျိုးသားကစားသမားဖြစ်ပြီး ကစားသမားဘဝက ဖြစ်ခဲ့တဲ့ တင်ပါးဒဏ်ရာကိုလည်း ၂၀၁၂ တုန်းက ခွဲစိတ်ကုသခဲ့ရပါသေးတယ်။ လမ်းလျှောက်တုတ်တွေ ဝီးလ်ချဲတွေကို အသုံးပြုသွားလာနေရပြီး ပြီးခဲ့တဲ့နှစ်တွေတုန်းကလည်း ကျောက်ကပ်နဲ့ ဆီးကျိတ်ဝေဒနာတွေ ဖြစ်ခဲ့ပါသေးတယ်။ ပီလီဟာ ၁၉၅၈ ၊ ၁၉၆၂ နဲ့ ၁၉၇၀ ကမ္ဘာ့ဖလားတွေကို ရရှိခဲ့ပြီး ဘရာဇီးရဲ့ ထာဝရဂိုးအများဆုံး ကစားသမားအဖြစ်လည်း ၉၂ ပွဲမှာ ၇၇ ဂိုးသွင်းပြီး စံချိန်တင်ထားပါတယ်။

#ပီလီ #ဘရာဇီး