ရှေ့သို့
Image

၂၀၁၁ ချန်ပီယံလိဂ် ဖိုင်နယ်က မက်ဆီ သီအိုရီအကြောင်း ပြန်ပြောလာတဲ့ ပက်ဂျီဆန်

3:55 PM, 9 December

မန်ချက်စတာယူနိုက်တက်ဟာ ၂၀၁၁ ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် ရှုံးပွဲမရှိခဲ့ပေမယ့် ဖိုင်နယ်မှာတော့ ဘာစီလိုနာကို ၃-၁ နဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့ပါတယ်။ ယူနိုက်တက်နည်းပြ ဆာအဲလက်စ်ဖာဂူဆန်က ပွဲပြီးချိန်မှာ ပက်ဂျီဆန်ကို လီယွန်နယ်မက်ဆီကို လူကပ်မကစားခိုင်းမိတဲ့အတွက် နောင်တရမိကြောင်း ပြောခဲ့ပါတယ်။ အာဂျင်တီနားသားဟာ အဲ့ဒီပွဲမှာ တစ်ဂိုးသွင်းပြီး တစ်ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။

ပက်ဂျီဆန်ကို အရှေ့တစ်နှစ်တုန်းက အန်ဒရေးပီယာလိုကို လူကပ်ကစားဖို့အတွက် နည်းပြဖာဂူဆန်က ညွှန်ကြားခဲ့ဖူးပြီး အဲ့ဒီပွဲမှာ ယူနိုက်တက်ရဲ့ ကစားပုံလည်း တိုးတက်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုနည်းစနစ်မျိုး ဘာစီလိုနာနဲ့ပွဲမှာလည်း အသုံးမချမိတာ သူမှားသွားတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် တောင်ကိုရီးယားသားက လွန်ခဲ့တဲ့ ၁၀ နှစ်က ရှုံးပွဲအကြောင်းကို ပြန်ပြောလာခဲ့ပါတယ်။

မက်ဆီဟာ ၁၆ သင်းအဆင့်မှာ အာဆင်နယ်ကိုဖြုတ်နိုင်ခဲ့တဲ့ပွဲက ၂ ဂိုးအပါအဝင် ၂၀၁၀-၁၁ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပွဲစဉ်တိုင်းမှာ ဂိုးသွင်းနိုင်ခဲ့ပြီး ဖိုင်နယ်ကို တက်နိုင်ဖို့ အသင်းကို အကောင်းဆုံး ဦးဆောင်ကစားပေးခဲ့ပါတယ်။ မက်ဆီဟာ အဆိုပါရာသီမှာ ပြိုင်ပွဲစုံ ၅၃ ဂိုးထိသွင်းယူနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၅၃ ဂိုးသွင်းယူနိုင်ခဲ့ပြီး ကစားသမားဘ၀ အကောင်းဆုံးရာသီကို ပိုင်ဆိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ဖာဂူဆန်က မက်ဆီကို အဓိကစောင့်ကြည့်ရမယ့် ကစားသမားအဖြစ် သတ်မှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီပွဲနဲ့ပက်သက်လို့ပက်ဂျီဆန်က “အဲ့ဒီတုန်းက ဘာစီလိုနာမှာ မက်ဆီတစ်ယောက်တည်း မဟုတ်ပဲ ကစားသမားကောင်းတွေ အများကြီးရှိခဲ့တာကြောင့် ကျွန်တော်တို့အဆုံးသတ်မှာ ရလဒ်ကောင်းရအောင် မလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ မအောင်မြင်ခဲ့တဲ့အကြောင်းကို ပြန်ပြောရတာ လွယ်တော့မလွယ်ဘူး။ တကယ်တော့ ကျွန်တော်အဲ့ဒီလို လူကပ်ကစားခဲ့တာ အန်ဒရေးပီယာလိုတစ်ယောက်ပဲ ရှိပါတယ်။ နောက်ထပ်တစ်ယောက်ကို အဲ့ဒီလိုလူကပ်ဖို့ဆိုတာ ကျွန်တော်လုပ်နိုင်ပါ့မလား မသေချာပါဘူး။ အဲ့ဒီတုန်းက မက်ဆီဆိုရင် ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက်ပါ။ သူ့ကိုလုံးဝတားဆီးလို့ မရခဲ့ပါဘူး အဲ့ဒါကြောင့် ကျွန်တော်သူ့ကို ရာနှုန်းပြည့် လူကပ်ကစားနိုင်တယ်လို့ မပြောခဲ့တာပါ။ သူ့ကိုလူကပ်ကစားဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ  မလွယ်နိုင်ပါဘူး။ တစ်ခါတစ်လေ ကျွန်တော်သူနဲ့ ဘယ်နှကြိမ်လောက် ရင်ဆိုင်ခဲ့လဲဆိုတာကို  ပြန်စဉ်းစားမိတယ်”လို့ ပြောခဲ့ပါတယ်။

၂၀၁၀ တုန်းက ပီယာလိုကို လူကပ်ကစားခဲ့တဲ့ ပက်ဂျီဆန်ကစားပုံက နာမည်ကြီးခဲ့ပြီး အီတလီသားကြီး ကိုယ်တိုင်လည်း အံ့အားသင့်ခဲ့ပါတယ်။ အဲ့ဒါကြောင့် နောက်ပိုင်းသူ့ရဲ့ ကိုယ်တိုင်ရေး အထုပတ္ထိမှာတောင် ပက်ဂျီဆန်အကြောင်းကို  ထည့်ရေးခဲ့ပါတယ်။ ပီယာလိုက “သူတို့ကို သူ(ပက်ဂျီဆန်) နဲ့ ကျွန်တော့်ကို လူကပ်ကစားဖို့ စီစဉ်ထားခဲ့ပါတယ်။ ကျွန်တော်ဘောလုံးရတိုင်း အနားမှာ ရှိနေခဲ့တယ်။ နာမည်ကြီးကစားသမား တစ်ယောက်ဖြစ်ပေမယ့် အိမ်စောင့်ခွေးတစ်ကောင်လို အသုံးချခံဖို့ သဘောတူခဲ့ပါတယ်”ဆိုပြီးပြောခဲ့ပါတယ်။

ယူနိုက်တက်က နှစ်ကျော့ပေါင်း ၇-၂ နဲ့ နိုင်ပွဲရရှိခဲ့ပြီး ပက်ဂျီဆန်လည်း ဒုတိယအကျော့မှာ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ရီယိုဖာဒီနန်ဆိုရင်လည်း ၂၀၂၀ တုန်းက BT Sport ရဲ့ စကားဝိုင်းမှာ တောင်ကိုရီးယား လက်ရွေးစင်အကြောင်းကို ချီးကျူးခဲ့ပါသေးတယ်။

ဖာဒီနန်က “နည်းပြကြီးက သူ့(ပီယာလို)ကို လူကပ်ကစားဖို့ ဂျီဆန်ပက်ကို ခိုင်းခဲ့တယ်လေ။ နောက်နေ့မနက် မိုးလင်းလို့ အိပ်ရာဘေးကြည့်လိုက်ရင် ဂျီဆန်ပက်ကို မြင်ယောင်နေတဲ့အထိ ပီယာလိုတစ်ယောက် ခြောက်ခြားနေပါလိမ့်မယ်”ဆိုပြီး ပြောခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ချန်ပီယံလိဂ် #ပက်ဂျီဆန်