ရှေ့သို့
Image

၁၆သင်းရှုံးထွက်အဆင့်မှာ ဂျူဗင်တပ်စ်က ဘယ်အသင်းမှ မကြောက်ဘူးလို့ မွိုက်စ်ကိန်း ကြုံးဝါး

1:20 PM, 9 December

ဂျူဗင်တပ်စ်အသင်းဟာ ယမန်နေ့ည မယ်လ်မိုကို ၁-၀ဂိုးနဲ့ အနိုင်ယူကာ အုပ်စုH ဇယားထိပ်ကနေ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာတော့ ၂သင်းစလုံး သာမန်လောက်သာ ကစားခဲ့ကြပြီး ဂျူဗင်တပ်စ်က မွိုက်စ်ကိန်းရဲ့ တစ်လုံးတည်းသော ခေါင်းတိုက်ဂိုးနဲ့အတူ နိုင်ခဲ့ပါတယ်။

မယ်လ်မိုကတော့ ရမှတ်၁မှတ်တည်းရကာ အုပ်စုနောက်ဆုံး အဆင့်နဲ့ ပြိုင်ပွဲနေ ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။ ရှုံးထွက်အဆင့်မှာ ပီအက်စ်ဂျီလို အသင်းဟောင်းကို ရှောင်လွှဲချင်လားလို့ မေးတဲ့အခါ မွိုက်စ်ကိန်းက “ဂျူဗင်တပ်စ်က ဘယ်အသင်းမှ မကြောက်ပါဘူး။ ကျွန်တော်တို့က အသင်းကောင်း၁သင်းဖြစ်ပြီး ဘယ်အသင်းပဲ စောင့်နေနေ အသင့်ပါပဲ”လို့ ပြောခဲ့ပါတယ်။

အသင်းလူစာရင်းမှာ ၁၉နှစ်သားလေး ဒီ ဝင်တာကို ခံစစ်မှာ ထည့်ကစားခဲ့တဲ့ နည်းပြ အယ်လီဂရီကတော့ အသင်းရဲ့ ကစားပုံကို အားရကျေနပ်ခြင်းမရှိကြောင်း ပြောခဲ့ပါတယ်။ “ဒီပွဲက ခက်ခဲတဲ့ပွဲ၁ပွဲဖြစ်ပြီး ကျွန်တော်တို့ အစောပိုင်းကတည်းက ဦးဆောင်နိုင်ခဲ့ပေမဲ့ ပွဲကို အဆုံးမသတ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ ပွဲကို မျှတအောင် ကစားလို့ မရတာကြောင့် ဒီထက် ပိုကောင်းရပါမယ်”လို့ ဆိုခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ အုပ်စုပထမနေရာကနေ တက်ခဲ့တာကြောင့် ရှုံးထွက်အဆင့်မှာ ပီအက်စ်ဂျီကလွဲရင် လွယ်ကူတဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

#ဂျူဗင်တပ်စ် #ပီအက်စ်ဂျီ #မယ်လ်မို #မွိုက်စ်ကိန်း