ရှေ့သို့
Image

ဂရင်းဝုဒ်ကို တိုးတက်လာအောင် ကူညီပေးမယ်လို့ ပြောလိုက်တဲ့ ရန်နစ်

10:45 AM, 9 December

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြကြီး ရာ့ဖ်ရန်နစ်က ယန်းဘွိုင်းစ်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ မေဆင်ဂရင်းဝုဒ်ကို ခန္ဓာကိုယ်ကြံ့ခိုင်မှုရော၊ စိတ်ဓာတ်ကြံ့ခိုင်မှုပါ ပိုကောင်းလာအောင် ကူညီလမ်းပြပေးမယ်ဆိုပြီး ပြောခဲ့ပါတယ်။

ဗုဒ္ဓဟူးညက ချန်ပီယံလိဂ်ပွဲစဉ်မှာ အုပ်စု F ရဲ့ အုပ်စုဗိုလ်အဖြစ်နဲ့ နောက်ဆုံး ၁၆ သင်းအဆင့်ကို တက်ပြီးဖြစ်တဲ့ ယူနိုက်တက်ဟာ ယန်းဘွိုင်းစ်အသင်းကို လူငယ်အများစုနဲ့သာ ရင်ဆိုင်သွားခဲ့ပါတယ်။ နည်းပြရန်နစ်ဟာ သူ့ရဲ့ယူနိုက်တက်ယာယီနည်းပြဘ၀ ဒုတိယမြောက်ပွဲစဉ်မှာ အပြောင်းအလဲ ၁၁ နေရာထိ ပြုလုပ်သွားခဲ့ပြီး ၁-၁ သရေကျခဲ့ပေမယ့် ယူနိုက်တက်အကယ်ဒမီထွက်လေး ဂရင်းဝုဒ်ကတော့ အကောင်းဆုံးခြေစွမ်းပြသခဲ့သလို အမိုက်စားမြေမကျကန်ချက်နဲ့လည်း ဦးဆောင်ဂိုးကိုရယူပေးခဲ့ပါတယ်။

ဂျာမန်သားနည်းပြကြီးက “ ဒီနေ့ပွဲမှာ အရမ်းလှတဲ့ ဂိုးတစ်ဂိုးသွင်းယူရုံတင်မကပဲ ဂျူအန်မာတာအတွက်လည်း အရမ်းကောင်းတဲ့ အခွင့်အရေးတစ်ခု ဖန်တီးပြီးသူ့ရဲ့ အရည်အချင်းတွေကို အကောင်းဆုံး ပြသနိုင်ခဲ့ပါတယ်။ ပါရမီအရမ်းကောင်းတဲ့ ကောင်လေးပါ၊ ဘယ်ခြေ၊ ညာခြေနှစ်ဖက်လုံးရသလို၊ ဘောလုံးလည်း ကိုင်ကစားရဲတယ်။ တနင်္ဂနွေနေ့က ဖရက်ဒ်အတွက် ဂိုးဖန်တီးပေးနိုင်ခဲ့တဲ့အတိုင်း ရှေ့ဆက်လုပ်နိုင်ခဲ့ပါတယ်။ သူ့မှာ ကြံ့ခိုင်မှုပိုင်းတိုးတက်ဖို့လိုသေးတယ်ဆိုပေမယ့် နည်းစနစ်ပိုင်းအရတော့ သူ့အသက်အရွယ်နဲ့ အရမ်းကောင်းတဲ့ ကစားသမားတစ်ယောက် ဖြစ်နေပါပြီ။ ကျွန်တော့်အလုပ်က သူ့ကိုတိုးတက်အောင်လုပ်ပေးဖို့ပါ၊ ကျွန်တော်သင်ပေးသမျှကိုသာ လိုက်လုပ်နိုင်ရင် သူကတစ်မူထူးခြားတဲ့ ကစားသမားတစ်ယောက် ဖြစ်လာမှာ သေချာပါတယ်၊ ပြီးတော့ ဒီအသင်းရဲ့ ပုံမှန်ပွဲထွက်ခွင့်ရ ကစားသမားလည်း ဖြစ်လာပါလိမ့်မယ် ” ဆိုပြီး ပြောခဲ့ပါတယ်။

ရန်နစ်ဟာ ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမားတွေကို မွေးထုတ်ခဲ့ဖူးပြီး အဲ့ဒီထဲကမှ လက်ရှိဒေါ့မွန်တိုက်စစ်မှူး အာလင်းဟာလန်းကတော့ အတောက်ပဆုံးဖြစ်လာပါတယ်။ ရန်နစ်ဟာ ဟာလန်းကို ဆဲလ်ဘတ်အတွက် ခေါ်ယူပေးခဲ့သူလည်း ဖြစ်ပါတယ်။

ဟာလန်းနဲ့ ယှဉ်ရင် ဂရင်းဝုဒ်ကရော ဘယ်လိုလဲလို့ မေးမြန်းရာမှာတော့ “ သူတို့နှစ်ယောက်က မတူညီတဲ့တိုက်စစ်မှူးတွေပါ။ ကျွန်တော့်အတွက်တော့ အာလင်းက အထောင်တိုက်စစ်မှူးစစ်စစ် တစ်ဦးပါ။ တိုက်စစ်မှူးတစ်ဦးတည်း ကစားကွက်မှာလည်း အဆင်ပြေသလို၊ အခြားတိုက်စစ်မှူးတစ်ဦးနဲ့ တွဲပြီးတော့လည်း 4-4-2 ကစားကွက်ကို ကစားနိုင်ပါတယ်။ မေဆင်ကတော့ နံပါတ် ၉ တစ်ဝက်လို့ ပြောလို့ရတယ်။ သူက အထောင်တိုက်စစ်မှူးနေရာလည်း ကစားနိုင်သလို၊ တောင်ပံတွေကနေလည်း  ဆွဲဝင်နိုင်ပါတယ်။ အခြားတိုက်စစ်မှူးတစ်ဦးနဲ့လည်း တွဲကစားနိုင်တယ်၊ သူက နည်းစနစ်ပိုင်း အရမ်းကျေတယ်၊ ဘယ်ခြေ၊ ညာခြေရတယ်။ ဒါပေမယ့် ကျွန်တော်ပြောခဲ့သလိုပဲ သူ့မှာအားကစားသမားတစ်ယောက်ရဲ့ ကြံ့ခိုင်မှုမျိုးမရှိဘူး။ အဲ့ဒါကြောင့် သူ့ကို ကြံ့ခိုင်မှုပိုင်းရော၊ စိတ်ဓာတ်ပိုင်းပါ တိုးတက်လာအောင်လုပ်ဖို့လိုတယ်။ ဒါကိုသာသေချာလုပ်နိုင်ရင် သူကအသင်းရဲ့ ပုံမှန်ပွဲထွက်ခွင့်ရ ကစားသမားဖြစ်လာရင် အနာဂတ်မှာ ကျွန်တော်တို့အသင်းအတွက် အရမ်းတန်ဖိုးရှိတဲ့သူဖြစ်လာနိုင်တယ် ” ဆိုပြီး ပြောခဲ့ပါတယ်။

ဂရင်းဝုဒ်ရဲ့ မြေမကျကန်ချက်ဂိုးဟာ ယန်းဘွိုင်းစ်ရဲ့ ၁၉ နှစ်သား ကွင်းလယ်လူ ဖေဘီယန်ရီဒါရဲ့ ဂိုးကြောင့် ၁-၁ ဖြစ်သွားခဲ့ပါတယ်။ ဂိုးပေးလိုက်ရတဲ့အနေအထားမှာ ဒွန်နီဗန်ဒီဘိခ်နဲ့ အာရွန်ဝမ်ဘစ်ဆာကာတို့ရဲ့ အမှားလည်းပါဝင်နေပြီး ဝမ်ဘစ်ဆာကာကတော့ ဒဏ်ရာပြဿနာရှိနေတယ်လို့ နည်းပြ ရန်နစ်က ပြောခဲ့ပါတယ်။

ရန်နစ် “ သူ(ဝမ်ဘစ်ဆာကာ)မှာ ဒဏ်ရာပြဿနာ နှစ်ခုရှိနေတယ်။ တစ်ခုက လက်ကောက်ဝတ်မှာ၊ နောက်တစ်ခုက ဒူးမှာပါ။ အဝတ်လဲခန်းထဲရောက်တော့ သူ့ကိုကုသမှုတွေလုပ်ခဲ့ရပါတယ် ” လို့ ပြောခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဂရင်းဝုဒ် #ချန်ပီယံလိဂ် #ယန်းဘွိုင်းလ် #ရန်နစ်