ရှေ့သို့
Image

နေရာပျောက်နေတဲ့ ကစားသမားတွေကို အခွင့်အရေးပေးမယ်လို့ ပြောခဲ့တဲ့ ရန်နစ်

1:15 PM, 8 December

မန်ချက်စတာယူနိုက်တက်နည်းပြကြီး ရာ့ဖ်ရန်နစ်ကတော့ ယူနိုက်တက်မှာ နေရာပျောက်နေတဲ့ ကစားသမားတွေကို အသင်းမှာ ဆက်နေနိုင်ဖို့အတွက် သက်သေပြခွင့်ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်မှာ အုပ်စုပထမနဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။  

ယူနိုက်တက်ယာယီနည်းပြသစ်ဟာ သူ့ရဲ့ပထမဆုံး ပွဲစဉ်ဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်ကို ၁-၀ နဲ့ အနိုင်ရရှိတဲ့ ပွဲစဉ်မှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပြီး ယနေ့ညမှာ ကစားမယ့် ယန်းဘွိုင်းစ်နဲ့ ပွဲစဉ်မှာလည်း ပထမဆုံး ချန်ပီယံလိဂ်ပွဲစဉ်ကို ကစားတော့မှာလည်း ဖြစ်ပါတယ်။ ရန်နစ်က “ လူတိုင်းမှာ ကိုယ့်အရည်အချင်းကို ပြသနိုင်မယ့်အခွင့်အရေး ရှိပါတယ်။ အဲ့ဒါကြောင့် ချန်ပီယံလိဂ်လို ပရိသတ် ၇၅၀၀၀ အပြည့်နဲ့ ကွင်းထဲမှာ ဒီကစားသမားတွေကို အခွင့်အရေးပေးပြီး သူတို့ဘယ်လောက်ထိ ဖိအားဒဏ်ခံနိုင်လဲဆိုတာကို သိချင်မိပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေတုန်းက ပဲလေ့စ်နဲ့ပွဲမှာ ကစားသမားတွေ အကြောင်းသိလိုက်ရသလိုမျိုး ဒီနေ့ပွဲကလည်း ကျန်တဲ့ကစားသမားတွေအကြောင်းကို သိနိုင်မယ့် အကောင်းဆုံးအခွင့်အရေးပါပဲ။ ကျွန်တော်တို့အသင်းလိုက် ထရိန်နင်ဆင်းခဲ့တာ တစ်ပတ်ပဲရှိပါသေးတယ်။ ထရိန်နင်တိုင်း၊ ပွဲတိုင်းမှာ သူတို့အကြောင်းကို ပိုသိနိုင်မယ့် အခွင့်အရေးတွေချည့်ပါပဲ ” ဆိုပြီး ပြောခဲ့ပါတယ်။ နှစ်သစ်မှာ ဝက်စ်ဟမ်းအသင်းကို အပြီးသတ်ပြောင်းရွှေ့ဖို့ ပြင်သစ်နေတဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ဂျက်ဂရီးလစ်ရှ်ကို ပွဲထွက်ခွင့်ပေးသွားဖွယ်ရှိနေပြီး ခြေစွမ်းပြနိုင်ခဲ့ရင်တော့ ရန်နစ်ရဲ့ အစီအစဉ်တွေမှာ ပါဝင်လာနိုင်ပါတယ်။

နည်းပြဆိုးလ်ရှားလက်ထက်က ပွဲကစားခွင့်လုံးဝနီးပါး မရရှိခဲ့တဲ့ ဒွန်နီဗန်ဒီဘိခ်ကိုလည်း နည်းပြရန်နစ်က ဒီပွဲမှာ ပွဲထွက်ခွင့်ပေးလာဖွယ်ရှိပါတယ်။ နောက်ထပ်အခွင့်အရေး ရနိုင်တဲ့ကစားသမားကတော့ ဒင်းဟန်ဒါဆန်ပဲဖြစ်ပါတယ်။ နည်းပြအိုလီဂန်နာဆိုးလ်ရှား လက်အောက်မှာ ယူနိုက်တက်ရဲ့ နံပါတ် ၁ ဂိုးသမားဖြစ်ခဲ့ပေမယ့် ကိုဗစ်ကြောင့် ကာလရှည်အနားယူနေရချိန်မှာ ဒေးဗစ်ဒီဂီယာက သူ့ရဲ့လက်စွမ်းအမှန်ကို ပြန်လည်ပြသပြီး နံပါတ်တစ်နေရာကို ပြန်လည်ရယူသွားခဲ့ပါတယ်။  ဒီကစားသမားတွေအပြင် ပြီးခဲ့တဲ့ပိတ်ရက်တုန်းက လူစားဝင်ကစားခွင့် ရရှိခဲ့တဲ့ ယူနိုက်တက်အကယ်ဒမီထွက် အသက် ၁၉ နှစ်အရွယ် တောင်ပံကစားသမားလေး အန်တိုနီအီလန်ဂါကိုလည်း ပွဲထွက်ခွင့်ပေးသွားဖွယ် ရှိပါတယ်။

ရန်နစ်ကတော့ “ နောက်နှစ်ပတ်လောက်နေရင်တော့ ကစားသမားတွေကို သေချာနားလည်နိုင်ပြီလို့ ထင်ပါတယ်။ ကစားသမားတိုင်းက ကစားဖို့အဆင်သင့် ဖြစ်နေတာကို ကျွန်တော်အရမ်းသဘောကျတယ်၊ အဲ့ဒါကြောင့် တတ်နိုင်သမျှ ကစားသမားတွေကို ပွဲထွက်ခွင့်ပေးသွားမယ်။ နောက်လာမယ့် ပွဲစဉ်တွေမှာလည်း ကစားသမား တစ်ယောက်ချင်းစီတိုင်းကို ပရိသတ်ရှေ့မှာ ကိုယ်ခြေစွမ်းကိုယ် သက်သေပြဖို့ အခွင့်အရေးပေးမှာပါ။ ဒဏ်ရာက ပြန်သက်သာလာတဲ့ ကစားသမားတွေကလည်း ပရီးမီးယားလိဂ်မှာ ပြန်ကစားနိုင်ပြီဆိုတာကို ပြသနိုင်ဖို့လိုပါတယ်။ ဒါပေမယ့် အခြားတစ်ဖက်မှာလည်း ပွဲတိုင်းကို နိုင်လိုစိတ်အပြည့်နဲ့ ကစားချင်စိတ်ရှိနေတာကိုက ကောင်းတဲ့အချက်ပါ ”

“ မျက်နှာသစ်ကစားသမားတွေ၊ ပွဲထွက်ခွင့်မရတာကြာတဲ့ ကစားသမားတွေရှိနေရင်တောင်မှ ကျွန်တော်တို့အတွက် အရေးအကြီးဆုံးက နိုင်ပွဲရဖို့ပါပဲ။ ဒါနဲ့ ဒီအုပ်စုမှာ ကျွန်တော်တို့ ပထမဆုံးရှုံးခဲ့တာ ယန်းဘွိုင်းစ်ကိုနော် အဲ့ဒီတော့ ဒီရလဒ်အတွက် လက်စားချေဖို့ လိုမယ်ထင်တယ်။ ဘယ်ကစားသမားတွေ ပွဲထွက်မယ်ဆိုတာထက် ဒီပွဲကိုနိုင်အောင် ကစားဖို့ကပဲ ပိုအရေးကြီးပါတယ် ” ဆိုပြီးပြောခဲ့ပါတယ်။ တနင်္ဂနွေနေ့က ပဲလေ့စ်ကို အနိုင်ရတဲ့ပွဲမှာ နည်းပြရန်နစ်ဟာ 4-2-2-2 ကစားကွက်ကိုသုံးပြီး တိုက်စစ်ကစားပြသွားခဲ့ပါတယ်။ ရလဒ်အရတော့ ၁-၀ တည်းနဲ့ ကပ်နိုင်ခဲ့ပေမယ့် ယူနိုက်တက်ရဲ့ ကစားဟန်ကတော့ သိသိသာသာ တိုးတက်လာပါတယ်။

ယန်းဘွိုင်းစ်နဲ့ပွဲအတွက် ခန့်မှန်းပွဲထွက်လူစာရင်း - ဟန်ဒါဆန်၊ ဝမ်ဘစ်ဆာကာ၊ ဘိုင်လီ၊ လင်ဒီလော့ဖ်၊ ရှော၊ မာတစ်၊ ဗန်ဒီဘိခ်၊ မာတာ၊ လင်ဂတ်၊ ဂရင်းဝုဒ်၊ အီလန်ဂါ။

#မန်ချက်စတာယူနိုက်တက် #ဒင်းဟန်ဒါဆန် #ဗန်ဒီဘိခ် #ရန်နစ်