ရှေ့သို့
Image

ယူနိုက်တက်နဲ့ထွက်ပေါ်နေတဲ့ သတင်းတွေအားလုံးကို ပယ်ချသွားတဲ့ ရော်ဘတ်တိုမန်စီနီ

1:03 PM, 8 December

မန်စီးတီးနည်းပြဟောင်းနဲ့ လက်ရှိ အီတလီလက်ရွေးစင်အသင်းရဲ့ နည်းပြရော်ဘတ်တိုမန်စီနီကတော့ မန်ချက်စတာယူနိုက်တက်ကို တာဝန်ယူဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီဆိုတဲ့ သတင်းတွေအားလုံးကို ငြင်းဆန်ပယ်ချခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကစတင်ပြီး မန်စီနီဟာ ယူနိုက်တက်နဲ့ ချိတ်ဆက်နေတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့သော်လည်း လက်ရှိသူ့ရဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာ့ဖလားကိုသာ ရယူနိုင်ဖို့ ဖြစ်ကြောင်းပြောခဲ့ပါတယ်။

အသက် ၅၇ နှစ်အရွယ် နည်းပြကြီးဟာ အီတလီအသင်းနဲ့ ၂၀၂၆ အထိ စာချုပ်သက်တမ်း ကျန်နေသေးပေမယ့် လာမယ့်နှစ် ကာတာကမ္ဘာ့ဖလားကို ပါဝင်ယှဉ်ပြိုင်နိုင်ဖို့အတွက် play-off အဆင့်ကို ခက်ခက်ခဲခဲ ကျော်ဖြတ်ရဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သတင်းတွေကတော့ မန်စီးတီးနဲ့အတူ ၂၀၀၉ ကနေ ၂၀၁၃ ကြား ပရီးမီးယားလိဂ်နဲ့ FA ဖလားတွေရယူနိုင်ခဲ့တဲ့ အင်္ဂလန်မြေကို တစ်ကျော့ပြန်လာချင်နေတယ်ဆိုပြီး ဖော်ပြခဲ့ကြပါတယ်။

မန်စီနီက “ ပရီးမီးယားလိဂ် အသင်းတစ်သင်းနဲ့ နှုတ်အားဖြင့် သဘောတူညီမှု ရယူထားတယ်တဲ့လား၊ အားလုံးအမှားတွေချည့်ပါပဲ။ ကျွန်တော့်ရည်ရွယ်ချက်က ကမ္ဘာ့ဖလားရောက်ဖို့နဲ့ ချန်ပီယံဖြစ်ဖို့ပါပဲ ” ဆိုပြီး ပြောခဲ့ကြောင်း အီတလီသတင်းစာ ဂက်ဇာတာဒယ်လိုစပေါ့က ဖော်ပြခဲ့ပါတယ်။ လက်ရှိယူနိုက်တက်ကို ယာယီနည်းပြအဖြစ်နဲ့ ရာ့ဖ်ရန်နစ်က နွေရာသီအထိ တာဝန်ယူထားပြီး အဲ့ဒီနောက်ပိုင်း ယူနိုက်တက်ရဲ့ အမြဲတမ်းနည်းပြ နေရာကို မန်စီနီကစိတ်ဝင်စားနေတယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။

မန်စီနီရဲ့ အီတလီအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာတော့ စိတ်ပျက်စရာရလဒ်တွေရရှိခဲ့ပြီး အုပ်စုတွင်းမှာ ဆွစ်ဇာလန်ရဲ့နောက် ဒုတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ကာတာကမ္ဘာ့ဖလားကို သွားနိုင်ဖို့ဆိုရင်တော့ play-off ဆီမီးဖိုင်နယ်မှာ မြောက်မက်စီဒိုးနီးယားကို အနိုင်ကစားပြီး ဖိုင်နယ်မှာ ပေါ်တူဂီ သို့မဟုတ် တူရကီကို အနိုင်ယူနိုင်ဖို့ လိုအပ်ပါတယ်။

မန်စီနီက “ ခြေစစ်ပွဲအဆင့်မှာ ရလဒ်တွေက ထင်သလောက် မကောင်းခဲ့ဘူး ဒါပေမယ့် ကျွန်တော်တို့ လက်ခံနိုင်ပါတယ်။ အစကနေ ပြန်စဖို့လည်း တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး။ အခွင့်အရေးရှိပါသေးတယ်။ မဲခွဲမှုကတော့ သိပ်မကောင်းပါဘူး၊ ဒါပေမဲ့ ကျွန်တော်တို့က ဥရောပချန်ပီယံတွေပါ၊ ပထမပွဲကိုအနိုင်ယူပြီး ဖိုင်နယ်မှာပါ အနိုင်ယူမှာပါ ” ဆိုပြီး ပြောခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #မန်စီးတီး #မန်စီနီ