ရှေ့သို့
Image

ဆာလက်ရဲ့ သာမန်အဆင့်ကနေ ထိပ်တန်း အဆင့်သို့ ပြောင်းလဲလာပုံကို အိုဝင် ချီးကျူး

9:41 AM, 8 December

လီဗာပူးနဲ့ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က လီဗာပူးတိုက်စစ် ကစားသမား မိုဟာမက်ဆာလက်ဟာ သာမန်အဆင့် ကစားသမားအဖြစ်ကနေ မယုံနိုင်စရာ ဂိုးသွင်းသူတစ်ယောက်ဖြစ်လာပုံကို ချီးကျူးခဲ့ပြီး လီဗာပူးကြယ်ပွင့်အနေနဲ့ တန်ဖိုးကြီးမားတဲ့ စာချုပ်တစ်ရပ် ရရှိသင့်တယ်ဆိုပြီး ပြောခဲ့ပါတယ်။

အင်္ဂါညက အေစီမီလန်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ၁၉၈၀ က အီယန်ရက်ရှ်နောက်ပိုင်း ၅ ရာသီဆက်တိုင်း အနည်းဆုံး ဂိုး ၂၀ သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ် ဆာလက်က မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဆာလက်ရဲ့ ဂိုးသွင်းစွမ်းရည်ကို ရီယိုဖာဒီနန်က “ မယုံနိုင်စရာ ယုံကြည်မှုမြင့်မားလွန်းသူ”လို့ ချီးကျူးခဲ့သလို ပီတာခရော့ချ်ကလည်း  “လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမား”လို့ ခေါင်းစဉ်တပ်ခဲ့ပါသေးတယ်။

ကွင်းလယ်လူ အဲလက်စ်အောက်စ်လိတ်ချန်ဘာလိန်းရဲ့ ကန်ချက်ကို ဂိုးသမားပုတ်ထုတ်ရာက ပြန်လျှံထွက်လာတဲ့ ဘောလုံးကို ဆာလက်က ပိတ်သွင်းပြီး လီဗာပူးအတွက် ပွဲချိန် ၃၆ မိနစ်မှာ သွင်းဂိုးရယူပေးခဲ့တာ ဖြစ်ပါတယ်။

ဆာလက်ရဲ့ လျင်မြန်လွန်းတဲ့ တုံ့ပြန်မှုနဲ့ ပတ်သက်လို့ အိုဝင်က “သူက ဒါကိုလွယ်လွယ်လေး လုပ်ပြသွားပါတယ်။ တကယ်တော့ လုံးဝကို ဂိုးအဖြစ်အဆုံးသတ်ဖို့ မလွယ်ကူတဲ့ အနေအထားကြီးပါ။ ဂိုးသမားနဲ့ တစ်ကိုက်တောင် မရှိတဲ့အကွာအဝေးကနေ ပိတ်နိုင်ခဲ့တယ်။ ဂိုးသမားအတွက် အခွင့်အရေးမရှိအောင်ကို အဆုံးသတ်ပြသွားခဲ့တာပါ။ သူ့အတွက်တော့ အရမ်းလွယ်နေပါတယ်။ သူ့ရဲ့ကစားသမားဘ၀ အစောပိုင်းတုန်းကတော့ ဆာလက်က သာမန်အဆင့် ဂိုးသွင်းသူတစ်ဦး ဖြစ်ပေမယ့် အခုချိန်မှာတော့ သူကမယုံနိုင်စရာကောင်းလောက်အောင် ထူးချွန်တဲ့ အဆုံးဂိုးသွင်းသူ ဖြစ်နေပါပြီ ” ဆိုပြီး ချီးကျူးခဲ့ပါတယ်။

ဆာလက်ဟာ သူ့ရဲ့ပရီးမီးယားလိဂ် ကစားသမားဘဝကို လီဗာပူးရဲ့ ပြိုင်ဘက် ချဲလ်ဆီးအသင်းမှာ စတင်ခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် အီတလီကလပ်တွေဖြစ်တဲ့ ရိုးမား၊ ဖီအိုရင်တီးနားတို့မှာ ကစားခဲ့ရပြီးနောက် ၂၀၁၇ မှာတော့ လီဗာပူးနဲ့အတူ ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန်လာခဲ့ပါတယ်။ ဖာဒီနန်ကလည်း အိုဝင်ရဲ့စကားကို ထောက်ခံခဲ့ပြီး အီဂျစ်သားရဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု မြင့်မားလွန်းတဲ့အချက်က သူ့ကိုကမ္ဘာ့အဆင့်မီ ဂိုးသွင်းသူတစ်ဦး ဖြစ်လာစေတယ်လို့ ပြောခဲ့ပါတယ်။

ဖာဒီနန်က “ရသမျှအခွင့်အရေးတိုင်းမှာ ဂိုးသွင်းယူနေတဲ့ ဆာလက်ကိုပဲ ကြည့်လိုက်ပါ၊ ဘောလုံးကို ရိပ်ခနဲတွေ့လိုက်ရင်တောင်မှ သူကဂိုးထဲရောက်အောင် ကန်တယ်။ ဒါက သူ့ရဲ့သွေးကြောထဲမှာ စီဆင်းနေတြ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမြင့်မားမှုကြောင့် ဒီလိုအံ့သြစရာတွေ လုပ်ပြနိုင်တာပါ”လို့ ပြောခဲ့ပါတယ်။ ပီတာခရော့ချ်ကလည်း “သူကမဆုတ်မနစ် ကြိုးစားတယ်။ လီဗာပူးမှာ ခြေစွမ်းပြဖို့ဆိုတာ သူ့အတွက်တော့ အရမ်းလွယ်နေသလိုပဲ ဒါပေမယ့် သူ့ရဲ့အဆုံးသတ်တွေ အရမ်းကောင်းနေလို့ပဲ မဟုတ်ရင် မလွယ်ပါဘူး။ သူကလက်ရှိပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားဖြစ်တာကြောင့် သူ့ကိုကျော်ဖို့ဆိုတာကတော့ သူထက်အဆပေါင်းများစွာ ကောင်းမှဖြစ်ပါလိမ့်မယ်”ဆိုပြီး ပြောခဲ့ပါတယ်။

အိုဝင်ကထပ်မံပြီး ဆာလက်ရဲ့ ဂိုးသွင်းစွမ်းရည်ကြောင့် တန်ဖိုးမြင့်မားတဲ့ စာချုပ်တစ်ခု ရရှိသင့်ပေမယ့် ဆာလက်ရဲ့ အနာဂတ်ကိုတောတ့ မခန့်မှန်းတတ်ဘူးလို့ ပြောခဲ့ပါသေးတယ်။ အိုဝင်က “ဒါက သူ့ရဲ့ကစားသမားဘ၀ နောက်ဆုံးစာချုပ်ဖြစ်လာနိုင်ပါတယ်။ သူဘယ်ကိုသွားချင်သေးတာလဲ။ စပိန်ဘောလုံးလောကဆိုရင် တော်တော်လေး ရုန်းကန်နေရတယ်။ ဒါတွေကို ဖြေရှင်းဖို့ဆိုတာ အချိန်ယူမှရမှာပါ”ဆိုပြီး ထပ်လောင်း ပြောခဲ့ပါတယ်။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #ချန်ပီယံလိဂ် #မိုက်ကယ်အိုဝင်