ရှေ့သို့
Image

လိုက်ပ်ဇစ်ကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့တဲ့ ဖိုဒန်

8:41 AM, 8 December

လိုက်ပ်ဇစ်ကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ဖိုဒန်တစ်ယောက် ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့ပြီး ပထမပိုင်းမှာပဲ လူစားလဲခံခဲ့ရပါတယ်။ ဂွါဒီယိုလာက လိုက်ပ်ဇစ် အသင်းကို ၂-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ဖိုဒန်တစ်ယောက် ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အသက် ၂၁ နှစ်သားဟာ ပြီးခဲ့တဲ့အပတ်တုန်းကမှ အဆိုပါဒဏ်ရာကနေ ပြန်လာနိုင်ခဲ့တာဖြစ်ကာ ဝုဗ်နဲ့ပွဲမတိုင်ခင် ဖိုဒန်တစ်ယောက် အဆိုပါဒဏ်ရာပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်၊ နောက်ကျောဒဏ်ရာကြောင့် အကီကိုလည်း လူစားလဲခဲ့ရကာ ဝေါ်ကာတစ်ယောက် တိုက်ရိုက်အနီကတ်ထိခဲ့တာဖြစ်ပါတယ်။

"ပွဲအစကတည်းက ခြေကျင်းဝတ်ဒဏ်ရာနဲ့ ဖိုဒန်တစ်ယောက် ရုန်းကန်နေရတာပါ။ သူအခြေအနေမဟန်တာကြောင့် စတာလင်နဲ့ လူစားလဲခဲ့တာပါ"လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

ဝေါ်ကာ အထုတ်ခံရတာက ဖေဖော်ဝါရီမှာ ကစားမယ့် ချန်ပီယံလိဂ်အတွက် ခေါင်းခဲစရာဖြစ်လာပါတယ်။  အင်္ဂလန်သားဟာ ယူအီးအက်ဖ်အေရဲ့ စည်းမျည်းကြောင့် ၁၆ သင်း အဆင့်ရဲ့ ပထမအကျော့ပွဲကို လွဲချော်မှာဖြစ်ပါတယ်။

"လုံးဝအနီကတ်ပါ။ အဝတ်လဲခန်းထဲမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို ပြောဖို့ လာခဲ့တာမဟုတ်ပါဘူး။ ကျွန်တော်တို့ အုပ်စုအဆင့်ကို အကောင်းဆုံးကျော်ဖြတ်ခဲ့ပါတယ်။ ခက်ခဲတဲ့အုပ်စုမှာ ၁ ပွဲအလိုနဲ့ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့သလို အသင်းရဲ့စွမ်းဆောင်ရည်ကိုလည်း ကျေနပ်မိပါတယ်”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

စီးတီးဘယ်နောက်ခံလူ ဇင်ချန်ကိုကလည်း “ကိုင်လီက ကျွန်တော်တို့အတွက် အရမ်းအရေးပါတဲ့သူပါ။ သူဟာ ကမ္ဘာ့အကောင်းဆုံးညာနောက်ခံလူဆိုတာ လူတိုင်းသိပါတယ်။ အသင်းက သူ့ကိုလိုအပ်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ သူအနီကတ်ထိခဲ့ပါတယ်။ မှန်ကန်တဲ့ဆုံးဖြတ်ချက် ဟုတ်မဟုတ်တော့ မမြင်ရလို့ မသိပါဘူး။

အသင်းအဝတ်လဲခန်းထဲမှာ သူစိတ်ပျက်နေပါတယ်။ ဒါပေမယ့် ဝမ်းနည်းဖို့ အချိန်မရှိပါဘူး။ အကောင်းဆုံးတုံ့ပြန်ပြီး ရှေ့ကိုဆက်သွားရမှာပါ”လို့ ဇင်ချန်ကိုက ပြောကြားခဲ့ပါတယ်။

#မန်စီးတီး #လိုက်ပ်ဇစ် #ဂွါဒီယိုလာ #ဖိုဒန် #ချန်ပီယံလိဂ်