ရှေ့သို့
Image

လက်ထောက်နည်းပြရာထူးအတွက် ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ရက်ဘူးလ်အသင်းနည်းပြ ငြင်းဆန်

2:01 PM, 7 December

နယူးယောက်ရက်ဘူးလ်အသင်းနည်းပြ စထရူဘာဟာ ယူနိုက်တက်ယာယီနည်းပြ ရန်းနစ်ရဲ့ လက်ထောက်နည်းပြ ရာထူးအတွက် ကမ်းလှမ်းလာမှုကို ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရပါတယ်။ အသက် ၄၄နှစ်အရွယ်ရှိ သြစတြီးယားနိုင်ငံသား စထရူဘာဟာ ရန်းနစ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူဖြစ်ပြီး လွန်ခဲ့တဲ့အပတ်က ယူနိုက်တက်အသင်းရဲ့ ဆက်သွယ်ချဉ်းကပ်ခြင်း ခံခဲ့ရတာပါ။

သူတို့နှစ်ယောက်ဟာ ဆဲလ်ဘတ်အသင်းမှာ အလုပ်တွဲလုပ်ခဲ့ဖူးပြီး စထရူဘာက လူငယ်အသင်းနည်းပြ၊ ရန်းနစ်က ဘောလုံးဒါရိုက်တာအဖြစ် အသီးသီးတာဝန်ယူခဲ့တာပါ။ ဒါပေမဲ့ The Sun သတင်းစာရဲ့ဖော်ပြချက်အရ စထရူဘာဟာ မေဂျာလိဂ်ကလပ်မှာပဲ ဆက်လက်တာဝန်ယူဖို့ ဆုံးဖြတ်ချခဲ့ပြီး အဓိကအချက်ကတော့ နည်းပြချုပ်ရာထူးကနေ လက်ထောက်နည်းပြအဖြစ် မဆင်းလိုတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ယူနိုက်တက်ဟာ စထရူဘာကို ခေါ်ယူရေးအတွက် နယူးယောက်ရက်ဘူးလ်ကို ထိုက်သင့်တဲ့လျော်ကြေးပေးချေဖို့လည်း လက်တွန့်နေပြီး စထရူဘာရဲ့စာချုပ်သက်တမ်းက ကုန်ဆုံးဖို့ ၂နှစ်ကျန်နေပါသေးတယ်။ ''ယူနိုက်တက်ဘက်က တောင်းဆိုမှုရှိတာအမှန်ပါပဲ။ ရန်းနစ်နဲ့ ကျွန်တော်တို့နှစ်ယောက်ကြား ရင်းနှီးတဲ့ဆက်ဆံရေးရှိတာ ဖုံးကွယ်ထားရမယ့် အရာမဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ကျွန်တော်ဟာ နယူးယောက်ရက်ဘူးလ်နဲ့ စာချုပ်ချုပ်ဆိုထားပြီး ရည်မှန်းချက်တွေလည်း အများကြီးထားရှိထားပါတယ်''လို့ စထရူဘာက ပြောပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရန်းနစ် #ရက်ဘူးလ် #စထရူဘာ