ရှေ့သို့
Image

ယူနိုက်တက်ရဲ့ နောက်ခံအစွန်လူနှစ်ယောက်ကို သတိပေးလိုက်တဲ့ ဖာဒီနန်

1:14 PM, 7 December

မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း ရီယိုဖာဒီနန်က ယူနိုက်တက်ရဲ့ခံစစ် အစွန်လူနှစ်ဦးဖြစ်တဲ့ အာရွန်ဝမ်ဘစ်ဆာကာနဲ့ လုခ်ရှောတို့နှစ်ယောက်အနေနဲ့ ယာယီနည်းပြ ရာ့ဖ်ရန်နစ်လက်ထက်မှာ ပွဲထွက်ခွင့်ရရှိဖို့အတွက် ရုန်းကန်ရနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။ ဂျာမန်သားနည်းပြကြီးဟာ သူ့ရဲ့ပထမဆုံးပွဲစဉ်ဖြစ်တဲ့ ဝမ်ဘစ်ဆာကာရဲ့ အသင်းဟောင်း ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲစဉ်မှာတော့ ညာနောက်ခံလူကို အရန်ခုံမှာပဲ ထားခဲ့ပါတယ်။

အင်္ဂလန်သားနှစ်ယောက် မပါဝင်ချိန်မှာ နည်းပြရန်နစ်က ဖရက်ဒ်ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့နိုင်ပွဲရရှိခဲ့တဲ့ ပွဲစဉ်မှာ ဒီယိုဂိုဒါလော့နဲ့ အဲလက်စ်တဲလက်စ်တို့ကို အသုံးပြုသွားပြီး နှစ်ယောက်စလုံးကလည်း ခြေစွမ်းပြနိုင်ခဲ့ကြပါတယ်။ အဲ့ဒါကြောင့် ဖာဒီနန်က နည်းပြဟောင်း အိုလီဂန်နာဆိုးလ်ရှား လက်ထက်တုန်းကလို ပွဲထွက်လူစာရင်းထဲကို တန်းဝင်ခွင့်ရလိမ့်မယ်လို့ မျှော်လင့်မထားဖို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။ ရှောရော၊ ဝမ်ဘစ်ဆာကာပါ နည်းပြဆိုးလ်ရှား လက်အောက်မှာ ပွဲတိုင်းလိုလို ကစားခွင့်ရရှိခဲ့ပြီး ဒီရာသီပရီးမီးယားလိဂ်မှာ ၁၂ ပွဲနဲ့ ၁၃ ပွဲစီ ကစားခွင့် ရရှိခဲ့ပါတယ်။

ယူနိုက်တက်တို့ အဆင့် ၂ ရခဲ့တဲ့ ပြီးခဲ့တဲ့ရာသီကလည်း တစ်ယောက်ကို ပွဲ ၃၀ ကျော်စီ ကစားခဲ့ရပေမယ့် နည်းပြသစ်ရဲ့ နှစ်သက်မှုအရ ရှောနဲ့ဝမ်ဘစ်ဆာကာတို့အတွက် သတင်းဆိုးဖြစ်သွားနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ ဖာဒီနန်က “ အမှန်အတိုင်းပြောရရင် ဝမ်ဘစ်ဆာကာကတော့ ဒီအသင်းထဲကို ပြန်ဝင်ခွင့်ရဖို့ မလွယ်တော့ဘူး။ လုခ်ရှောလည်း အတူတူပဲ။ အသေအကြေ ကြိုးစားမှရတော့မယ်။ တစ်ခုရှိတာ အခုနည်းပြက ဘောလုံးကိုင်ကစားနိုင်ပြီး တိုက်စစ်ကိုပံ့ပိုးပေးနိုင်တဲ့ full-back တွေကို ပိုသဘောကျတယ်”

“အထူးသဖြင့် တိုက်စစ်လိုက်နိုင်တာမျိုးပေါ့၊ ပြီးတော့ ဘောလုံးဖြန့်ဝေနိုင်တာမျိုးတွေကိုလည်း သူလိုချင်တယ်။ အဲ့ဒါက ဝမ်ဘစ်ဆာကာရဲ့ အားအနည်းဆုံးအချက်ဖြစ်နေတယ်၊ အဲ့ဒါကြောင့် ဒီအသင်းထဲကို ပြန်ဝင်ဖို့ဆိုရင် သူ့အတွက် ခက်ခဲမှာသေချာတယ် ”  လို့ ပြောခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ညာနောက်ခံလူ ဒီယိုဂိုဒါလော့ကိုလည်း နည်းပြသစ်ရန်နစ်က ချီးကျူးခဲ့ပါတယ်။ ဒါလော့ဟာ ပြီးခဲ့တဲ့ရာသီက အေစီမီလန်မှာ အငှားသွားကစားခဲ့ပြီး အိုးလ်ထရက်ဖို့ဒ်ကို ပြန်လာချိန်မှာတော့ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပါတယ်။

ဒါပေမယ့် နောက်ဆုံးလိဂ်ပွဲစဉ် ၂ ပွဲဖြစ်တဲ့ အာဆင်နယ်၊ ပဲလေ့စ်တို့နဲ့ပွဲစဉ်မှာ ပွဲထွက်လူစာရင်းထဲ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ တဲလက်စ်ဆိုရင်လည်း ၂၀၂၀ မှာ ပေါ်တိုကနေ ပြောင်းရွှေ့လာပြီးကတည်းက အရန်ခုံမှာပဲ ဖြတ်သန်းခဲ့ရပြီး ပရီးမီးယားလိဂ် ၈ ပွဲသာ ကစားခဲ့ရပေမယ့် နည်းပြသစ်လက်အောက်မှာတော့ ရှောထက်ပိုပြီး ပွဲထွက်ခွင့်ရလာဖွယ် ရှိနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖာဒီနန် #ဆိုးလ်ရှား #လုခ်ရှော #ဝမ်ဘစ်ဆာကာ