ရှေ့သို့
Image

ပိုချက်တီနိုထက် ရော်ဂျာကိုသာ ခန့်အပ်ဖို့ ယူနိုက်တက်ကို လီဗာပူး ကစားသမားဟောင်း မာဖီ တိုက်တွန်း

4:18 PM, 6 December

လီဗာပူး ကွင်းလယ်လူဟောင်း ဒန်နီမာဖီက ယူနိုက်တက်အနေနဲ့ ပိုချက်တီနိုထက် ဘရန်ဒန်ရော်ဂျာကိုသာ ခန့်အပ်သင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုဟာ ရာသီအကုန်မှာ ယူနိုက်တက်နည်းပြဖြစ်လာဖို့ ထိပ်ဆုံးက ရေပန်းစားနေပါတယ်။

ရန်နစ်ကတော့ ယူနိုက်တက်ယာယီနည်းပြအဖြစ် ကိုင်တွယ်မှာဖြစ်ကာ အဲ့နောက် ၂ နှစ်ထပ်ပြီး ယူနိုက်တက်ရဲ့ အကြံပေးအဖြစ် ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်။ ယူနိုက်တက် တာဝန်ရှိသူတွေကတော့ တော့တင်ဟမ်မှာ စွမ်းဆောင်ရည်ကောင်းတွေပြသဖူးတဲ့ ပိုချက်တီနိုကိုသာ မျက်စိကျနေပါတယ်။

အာဂျင်တိုင်းသားဟာ တော့တင်ဟမ်မှာတုန်းက အသင်းကို ချန်ပီယံလိဂ်ဖိုင်နယ် နဲ့ ပရီးမီးယားလိဂ်မှာ အဆင့် ၂ နေရာရပ်တည်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မာဖီကတော့ ယူနိုက်တက် အနေနဲ့ လက်စတာနည်းပြ ရော်ဂျာကိုသာ ခန့်အပ်သင့်တယ်လို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

ရော်ဂျာဟာ အန်ဖီးလ်မှာ ၃ နှစ်ခွဲကာလကိုဖြတ်သန်းခဲ့တာဖြစ်ကာ ၂၀၁၃ - ၁၄ တုန်းက ပရီးမီးယားလိဂ်ဖလားရဖို့ နီးစပ်ခဲ့ပါတယ်။ "ယူနိုက်တက်အနေနဲ့ ပိုချက်တီနိုထက် ရော်ဂျာကို ပိုစဉ်းစားသင့်ပါတယ်။ ရော်ဂျာကသာ ယူနိုက်တက်ရဲ့ကာလရှည်အတွက် ထိုက်တန်တဲ့သူပါ။ ပိုချက်တီနိုက ယူနိုက်တက်နည်းပြဖြစ်လာဖို့ ရေပန်းစားနေပေမယ့် အတွေ့အကြုံပိုင်းမှာ ရော်ဂျာက ပိုသာပါတယ်"လို့ မာဖီက ပြောကြားခဲ့ပါတယ်။

ရန်နစ်ဟာ ပဲလေ့စ်အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲကို ပထမဆုံး ကိုင်တွယ်ခဲ့ပါတယ်။ ပွဲအပြီးမှာ အသင်းရဲ့စွမ်းဆောင်ရည်ကို သဘောကျမိတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #ပိုချက်တီနို #ရန်နစ် #မာဖီ