ရှေ့သို့
Image

4-2-2-2 pressing ကစားကွက်အကြောင်းကို ရှင်းပြခဲ့တဲ့ ယူနိုက်တက်နည်းပြ ရန်နစ်

3:00 PM, 6 December

ခရစ္စတယ်ပဲလေ့စ်အသင်းကို ပွဲဦးထွက်ပွဲစဉ်မှာ အနိုင်ရရှိခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက် နည်းပြကြီး ရာ့ဖ်ရန်နစ်က ဒီပွဲမှာအသုံးပြုခဲ့တဲ့ 4-2-2-2 pressing ကစားကွက်အကြောင်းကို ပြောပြခဲ့ပါတယ်။ ယာယီနည်းပြ ရန်နစ်လက်ထပ် ပထမဆုံးပွဲစဉ်ဖြစ်တဲ့ တနင်္ဂနွေညပွဲစဉ်ကိုတော့ ယူနိုက်တက်ဟာ နိုင်ပွဲနဲ့ စတင်နိုင်ခဲ့ပါတယ်။

အိုးလ်ထရက်ဖို့ဒ်မှာ အာဆင်နယ်ဂန္တဝင်ကြီး ပက်ထရစ်ဗီအဲရာရဲ့ ပဲလေ့စ်ကို အနိုင်ယူခဲ့တဲ့ပွဲမှာ ဂျာမန်သားနည်းပြကြီးဟာ သူ့ရဲ့ကစားဟန်ကို ကွက်ကွက်ကွင်းကွင်း ပြသနိုင်ခဲ့ပါတယ်။ နည်းပြရန်နစ်ဟာ သူ့ရဲ့လက်စွဲကစားကွက်တစ်ခုဖြစ်တဲ့ 4-2-2-2 ကို စတင်မိတ်ဆက်ခဲ့ပြီး ယူနိုက်တက်ကလည်း တိုက်စစ်ပြီးရင်း တိုက်စစ်ဖိကစားနိုင်ခဲ့ပါတယ်။ သူ့ကစားကွက်မှာ အံဝင်အောင် ကစားနိုင်ခဲ့ကြတဲ့ ဂျေဒန်ဆန်ချိုနဲ့ ဘရိုနိုဖာနန်ဒက်စ်တို့ကိုလည်း ချီးကျူးခဲ့ပါသေးတယ်။

ရန်နစ်က “ ကျွန်တော်တို့ ဘောလုံးရတဲ့အခါ ပြိုင်ဘက်အပေါ် ဘယ်လိုမျိုးဖိအားပေးမလဲ၊ ဘယ်လိုထိန်းချုပ်ကစားမလဲဆိုတဲ့ မေးခွန်းတွေ တွေ့ခဲ့ရတယ်။ အဲ့ဒါကြောင့် တိုက်စစ်မှူးနှစ်ယောက်ပါဝင်တဲ့ 4-2-2-2 ကစားကွက်ကို ရွေးလိုက်ပြီးတော့ တိုက်စစ်မှာ ခရစ္စတီယာနိုရော်နယ်ဒို တစ်ယောက်တည်းအစား တိုက်စစ်မှာ မားကပ်စ်နဲ့ တွဲပေးလိုက်တော့ တိုက်ရိုက်ဘောတွေလာတဲ့အခါ မြန်နှုန်းကောင်းကောင်းနဲ့ ဆယ်ယူလို့ရပါတယ်။

တစ်ချိန်တည်းမှာပဲ ဂျေဒန်နဲ့ ဘရူနိုက နံပါတ် ၁၀ နေရာနှစ်ခုကို ဝင်လာပြီး ကျန်တဲ့ကစားသမားတွေပါ တစ်ချိန်တည်း ရှေ့လိုက်တက်လို့ ရနိုင်ပါတယ်။ ဘရူနိုနဲ့ဂျေဒန်က နံပါတ် ၁၀ နေရာတွေကို ရောက်နေရင် နောက်ခံအစွန်လူ နှစ်ယောက်က တိုက်စစ်လိုက်ပြီး တောင်ပံတွေကနေ ဘောလုံးဖြန့်လို့ရမယ်။ သူတို့(ဖာနန်ဒက်စ်နဲ့ဆန်ချို) ဆိုရင် ဒီပွဲမှာ wing-back တွေလိုမျိုးတောင် ကစားသွားကြတာပါ။

အထူးသဖြင့် ပထမပိုင်းမှာ အဲလက်(တဲလက်စ်) နဲ့ ဒီယိုဂို(ဒါလော့) တို့နှစ်ယောက်က တိုက်စစ်ကို ကောင်းကောင်း လိုက်ပေးနိုင်ခဲ့တယ်။ အဲ့ဒါကြောင့် 4-2-2-2 နဲ့ ကစားခဲ့တာပါ။ ကစားသမားတိုင်းကို သူတို့ရဲ့ အကောင်းဆုံး နေရာတွေမှာပဲ ကစားစေချင်ပါတယ်။ ဒီကစားကွက်မှာ စိန်ခေါ်မှုအများဆုံးနဲ့ အားထုတ်မှုအများဆုံးကတော့ နံပါတ် ၁၀ နှစ်ယောက်ထားတာပါပဲ။ ဒါပေမယ့် ပဲလေ့စ်ဖက်က ဘောလုံးရတဲ့ အချိန်တွေဆိုလည်း ဘရူနိုနဲ့ဂျေဒန်တို့ အကောင်းဆုံး လုပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။

နည်းနည်းတော့ အသစ်ဖြစ်နေပေမယ့် အဲ့လောက်လည်း အသစ်ကြီးမဟုတ်ပါဘူး။ ဂျေဒန်တို့နှစ်ယောက် ဂိုးစည်းထဲဖြစ်ဖြစ်၊ စည်းပြင်ကပဲဖြစ်ဖြစ်၊ ခံစစ်ပဲဆင်းဆင်း ဒါကသိပ်မထူးခြားပါဘူး။ သူတို့နှစ်ယောက်စလုံး အရမ်းကောင်းခဲ့ပါတယ် ” ရန်နစ်အနေနဲ့ နောက်ထပ်ပွဲစဉ်အတွက် ပြင်ဆင်ချိန် ၂ ရက်သာ ရရှိခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဗုဒ္ဓဟူးညမှာ ယန်းဘွိုင်းအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ကစားဖို့ရှိပြီး လာမယ့်တစ်ပတ်စနေနေ့မှာတော့ နောဝစ်ချ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ကစားသွားရမှာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ခရစ္စတယ်ပဲလေ့စ် #ရော်နယ်ဒို #ရန်နစ်