ရှေ့သို့
Image

ချန်ပီယံခြေစွမ်းပြသရင်း အမှတ်ပေးဇယားကို ပထမဆုံးအကြိမ် ဦးဆောင်လိုက်တဲ့ မန်စီးတီး

9:30 AM, 5 December

စနေညရဲ့ နောက်ဆုံးပရီးမီးယားလိဂ်ပွဲမှာတော့ မန်စီးတီးက ဝက်ဖို့ဒ်ကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ယူကာ ယခုရာသီပရီးမီးယားလိဂ်မှာ ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပါတယ်။ နည်းပြဂွါဒီယိုလာကိုယ်တိုင်က ယခုရာသီ သူတို့အသင်းရဲ့ ခြေစွမ်းအကောင်းဆုံးပွဲပဲလို့ တင်စားခဲ့ရတဲ့အထိ မန်စီးတီးက ဝက်ဖို့ဒ်ကို တစ်ဖက်သတ်ကစားသွားပြီး ၃ဂိုးပြတ်ဦးဆောင်နေရာကနေ ၇၄ မိနစ်ရောက်မှ ချေပဂိုးတစ်ဂိုး ပေးလိုက်ရတာပါ။

စီးတီးဟာ ဂိုးပေါက်ကန်သွင်းမှုအများအပြားရခဲ့ပြီး ဝက်ဖို့ဒ်ဂိုးသမား ဘက်ချ်မန်း လက်စွမ်းပြနေတာရော၊ အပိုင်အခွင့်အရေးတွေ ဖြုန်းတီးပစ်ခဲ့တာရောကြောင့် ဒီထက်ဂိုးမပြတ်ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံး ၁၀ ရာသီမှာ ချန်ပီယံ ၅ကြိမ်ဖြစ်ခဲ့တဲ့ လက်ရှိချန်ပီယံ မန်စီးတီးဟာ ၁၅ပွဲကစားပြီးချိန်မှာ ဒုတိယနေရာက လီဗာပူးကို ၁ မှတ်ဖြတ်ထားနိုင်ပြီး အစောပိုင်းပွဲမှာ ဝက်စ်ဟမ်းကို ၃-၂ ဂိုးနဲ့ အရေးနိမ့်သွားတဲ့ ချဲလ်ဆီးကတော့ မန်စီးတီးနဲ့ ၂ မှတ်အကွာ တတိယနေရာ ရောက်သွားပါတယ်။

ဝက်ဖို့ဒ်အနေနဲ့ နည်းပြရာနီရေရီလက်ထက် ကစားခဲ့တဲ့ ၈ပွဲမှာ ၆ပွဲမြောက် အရေးနိမ့်ခဲ့ရတာဖြစ်ပေမယ့် တစ်ဘက်မှာ ပြန်ကြည့်ရင်တော့ အဲဒီ ၈ပွဲထဲမှာ ထိပ်ဆုံး ၇သင်းစာရင်းဝင် အသင်း ၅သင်းနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ မန်စီးတီးက စုစုပေါင်း ဂိုးပေါက်ကန်သွင်းချက် ၂၆ကြိမ်၊ ဂိုးပေါက်တည့်မှု ၁၃ကြိမ်နဲ့ ဘောလုံးပိုင်ဆိုင်မှု ၇၇% ရှိခဲ့တဲ့အထိ အသာစီးကနေ ကစားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၅ပွဲဆက် အနိုင်ရသွားပါတယ်။

#မန်စီးတီး #ဝက်ဖို့ဒ် #ဂွါဒီယိုလာ