ရှေ့သို့
Image

လူမစုံပေမဲ့ အသင်းကြီးတွေကို အနိုင်ယူနိုင်ကြောင်း ဆက်လက်သက်သေပြနေတဲ့ ဝက်စ်ဟမ်း

8:38 AM, 5 December

ချဲလ်ဆီးအသင်းဟာ ယမန်နေ့ည ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ ၂ကြိမ်တိုင် ဦးဆောင်နိုင်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ၃-၂ဂိုးနဲ့ ရှုံးခဲ့ပါတယ်။ ပထမပိုင်းမှာတင် အပြန်အလှန်သွင်းဂိုးတွေ မြင်ခဲ့ရပြီး သီယာဂို ဆေးလ်ဗားရဲ့ ခေါင်းတိုက်ဂိုးကို လန်ဇီနီက ပင်နယ်တီကနေ ပြန်လည် ချေပခဲ့ပေမဲ့ ပွဲပြီးခါနီး မေဆင်မောင့်က လှပတဲ့ မြေမကျ ကန်ချက်နဲ့ ဦးဆောင်ဂိုး ထပ်သွင်းသွားခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ချဲလ်ဆီးတို့ လူကာကူကို ထည့်ခဲ့ပေမဲ့ ဝက်စ်ဟမ်းကသာ ဂိုးတွေ ရသွားပြီး ဘိုဝမ်၊ မာဆူအာကူတို့ရဲ့ ဂိုးတွေကြောင့် ၃-၂ဂိုးနဲ့ ထိုက်ထိုက်တန်တန် အနိုင်ရခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်အတွင်း နည်းပြ ဒေးဗစ် မိုရက်စ်တစ်ယောက် နည်းစနစ်ပိုင်း အပြောင်းအလဲ လုပ်ခဲ့ပြီး ချဲလ်ဆီးရဲ့ ကစားကွက်အတိုင်း ခံစစ်မှူး ၃ယောက်နဲ့ ပွဲထွက်ခဲ့ပါတယ်။

အဆိုပါ ကစားကွက်က ခံစစ်ပိုင်းအတွက် အဆင်ပြေခဲ့ပေမဲ့ တိုက်စစ်ပိုင်းအတွက်တော့ တိုက်စစ်ကစားသမား ၁ယောက်ကို ကွင်းလယ်ဆင်း မကန်ခိုင်းခင်အချိန်ထိ သိပ်ပြီးရှေ့မရောက်ခဲ့ပါဘူး။ ကစားသမားအများအပြား ဒဏ်ရာရှိနေပြီး ဇယားထိပ်က အသင်းကို ကစားခဲ့ရတာကို ကြည့်ရင် မိုရက်စ်ရဲ့ ကစားသမားတွေအနေနဲ့ သူတို့ ကစားရမယ့်နေရာကို သိပြီး ပွဲရဲ့ အခြေအနေကိုလိုက် ပြောင်းလဲနိုင်တာကို ကြည့်ရင် တော်တော်လေး ချီးကျူးစရာပဲ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းဟာ လီဗာပူး၊ မန်စီးတီး၊ ချဲလ်ဆီးတို့ကို ၁လအတွင်း ကစားထားကာ ၆မှတ်ရယူထားနိုင်ခဲ့ပြီး ကောင်းမွန်တဲ့ ဂိုးကွာခြားချက်လည်း ရှိနေတာကြောင့် အဆင့်၄နေရာ မျှော်မှန်းနိုင်တဲ့ အခြေအနေကို ပိုင်ဆိုင်ခဲ့ပါတယ်။ ချဲလ်ဆီး ကွင်းလယ်မှာ ဒဏ်ရာပြဿနာတွေ များနေချိန် လော့ဖ်တက်ချိကတော့ စွမ်းဆောင်ရည်ကောင်းတွေနဲ့ အခွင့်အရေးတွေ ရယူနေခဲ့ပါတယ်။

လော့ဖ်တက်ချိဟာ ယခုနှစ်ရာသီ ၅ပွဲအထိ ပွဲထွက်ခွင့်ရထားပြီး အဆိုပါ အခွင့်အရေးမျိုး ရခဲ့တဲ့ နောက်ဆုံးရာသီက ၂၀၁၈-၁၉ရာသီက ဖြစ်ပါတယ်။ တိုက်စစ်ပိုင်းမှာလည်း နေရာယူပုံကောင်းမွန်ကာ ကွင်းလယ်ကနေ စမတ်ကျတဲ့ ဘောလုံးတွေ ပေးနိုင်ပြီး တစ်ဦးချင်း ကျော်ဖြတ်မှုတွေ၊ အလှည့်တွေက တကယ်ကောင်းမွန်ခဲ့ပါတယ်။ ခံစစ်ပိုင်းမှာလည်း တစ်ဖက် တန်ပြန်တိုက်စစ်တွေကို တားဆီးသွားကာ တည်ကန်ဘောတွေကိုလည်း ဖြတ်ထုတ်သွားနိုင်ခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းမှာတော့ ခံစစ်ပိုင်း ဒဏ်ရာပြဿနာများနေခဲ့ပြီး အော့ဘွန်နာကို ဆုံးရှုံးထားရသလို နောက်ထပ် ခံစစ်မှူး ဇူးမားကလည်း တံကောက်ကြောဒဏ်ရာကြောင့် လူစားလဲခဲ့ရပါတယ်။ ခံစစ်၊ တိုက်စစ် မျှတအောင် ကစားနေတဲ့ ဘန် ဂျွန်ဆင်ဟာလည်း ဒဏ်ရာကြောင့် အစောကြီး လူစားလဲခဲ့ရပြီး ခရက်စ်ဝဲလ်ကလည်း အစကတည်းက မပါနိုင်ခဲ့တာပါ။

ဒဏ်ရာရများနေပေမဲ့ မိုရက်စ်ရဲ့ ဝက်စ်ဟမ်းကတော့ တည်ငြိမ်တဲ့ ခြေစွမ်းတွေနဲ့အတူ ရှေ့ဆက်နေဆဲ ဖြစ်ပြီး ဇန်နဝါရီ အပြောင်းအရွှေ့မှာ အင်အားဖြည့်တင်းမလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ယခုပွဲမတိုင်ခင် လိဂ်မှာ အကောင်းဆုံး ခံစစ်ကို ပိုင်ဆိုင်ထားခဲ့ပေမဲ့ ယခုအချိန်မှာတော့ မန်စီးတီးနောက် ရောက်သွားခဲ့ပါတယ်။

အခြားပွဲတွေမှာ ၁ဂိုးလောက်စီ ပျမ်းမျှပေးနေရတာက ခံစစ်ပိုင်း တည်ငြိမ်မှုကို သက်သေပြနေပေမဲ့ ယခုပွဲကတော့ ပြောစရာ ဖြစ်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဩဂုတ်လက တော့တင်ဟမ်နဲ့ ရာသီကြိုအစီအစဉ်အပြီး ပထမဆုံးအကြိမ်အဖြစ် မိနစ်၉၀အတွင်း ၂ဂိုးပေးခဲ့ရတာ ဖြစ်ပါတယ်။

အလားတူ ဝက်စ်ဟမ်းအတွက် အခွင့်အရေးတွေလည်း ရခဲ့ပြီး ကူဖယ်ရဲ့ ကန်ချက်ကို သီယာဂို ဆေးလ်ဗား တားဆီးခဲ့တာ၊ ဆိုဆက်ရဲ့ ခေါင်းတိုက်ချက်၂ကြိမ် ဘေးထွက်တာ၊ ဘိုဝမ် အပိုင်ပိတ်ခွင့် လွဲချော်တာမျိုးတွေ ရှိခဲ့ပါတယ်။ ယခုရှုံးပွဲကြောင့် မန်စီးတီး၊ လီဗာပူးတို့အတွက် အခွင့်အရေးတွေ ဖြစ်သွားပြီး ယခအချိန်မှာဆိုရင် ချဲလ်ဆီးကို ကျော်ဖြတ်သွားနို်ငခဲ့ပြီ ဖြစ်ပါတယ်။

ဝက်စ်ဟမ်း လူစာရင်း - ဖေဘီယန်စကီး၊ ဒေါ်ဆင်၊ ကူဖယ်၊ ဇူးမား၊ ဒိုင်အုပ်၊ ဂျွန်ဆင်၊ အန်တိုနီယို၊ လန်ဇီနီ၊ ဆိုဆက်၊ ရိုက်စ်၊ ဘိုဝမ်

ချဲလ်ဆီး လူစာရင်း - မန်ဒီ၊ သီယာဂို ဆေးလ်ဗား၊ အလွန်ဆို၊ ရူဒီဂါ၊ ခရစ္စတီယန်ဆန်၊ ဂျိမ်းစ်၊ ဂျော်ဂျင်ဟို၊ ဇီယက်ချ်၊ လော့ဖ်တက်ချိ၊ မေဆင်မောင့်၊ ကိုင်ဟားဗက်ဇ်

#ဇူးမား #ချဲလ်ဆီး #ဝက်စ်ဟမ်း #သီယာဂို ဆေးလ်ဗား