ရှေ့သို့
Image

ယူနိုက်တက်ကို ပထမဆုံး ကိုင်တွယ်မယ့် ပွဲမတိုင်ခင် ရော်နယ်ဒိုအား ကတိတစ်ခုပေးခဲ့တဲ့ ရန်နစ်

8:44 AM, 4 December

ခရစ္စတီယာနို ရော်နယ်ဒိုဟာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်မယ့် ရန်းနစ်ရဲ့ ယူနိုက်တက်အသင်းမှာ နေရာတစ်နေရာရဖို့ အာမခံချက် ရထားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ရန်းနစ်ရဲ့ ပြင်းထန်တဲ့ ကစားပုံ၊ counter-pressing ချဉ်းကပ်မှုတွေကြောင့် ကစားကွက်နဲ့ အံမဝင်နိုင်ဘူးလို့ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အာဆင်နယ်ကို ၃-၂ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ရော်နယ်ဒိုရဲ့ ကစားပုံကို မြင်ခဲ့ပြီးနောက် ရန်းနစ်က ပေါ်တူဂီသားဟာ သူလိုချင်တဲ့အတိုင်း ကစားပေးနိုင်မယ်လို့ ပြောခဲ့ပါတယ်။

ရန်းနစ်က “အမြဲတမ်း ကိုယ့်ကစားပုံအပေါ် အံဝင်အောင် ဒါမှမဟုတ် ရှိနေတဲ့ ကစားသမားတွေနဲ့ ကိုယ့်အတွေးအခေါ်နဲ့ အံဝင်အောင် လုပ်ပြနိုင်ဖို့ အမြဲလိုပါတယ်။ အာဆင်နယ်နဲ့ပွဲ ဒုတိယပိုင်းမှာ အသင်၃၆နှစ်အရွယ် ခရစ္စတီယာနိုကို မြင်ရတာက တကယ်ကောင်းတဲ့ ပရိုကစားသမားတစ်ယောက်ဆိုတာ တွေ့နိုင်ပါတယ်”

“သူ့လို အသက်အရွယ်နဲ့ ခုလိုကြံ့ခိုင်မှုမျိုး ရှိနေတဲ့ ဘယ်ကစားသမားမှ မမြင်ဖူးပါဘူး။ သူက ပွဲအဖြေကို လွယ်လွယ်လေး ပြောင်းနို်ငတဲ့ ကစားသမား ဖြစ်နေဆဲပါ။ ကျွန်တော်တို့က ရော်နယ်ဒို တစ်ဦးတည်းတင်မဟုတ်ပဲ တစ်သင်းလုံးကို တိုးတက်အောင် လုပ်နိုင်ဖို့ ကြိုးစားရမှာပါ။ ကျွန်တော်တို့က ကမ္ဘာမှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး လိဂ်မှာ ကစားနေတာဖြစ်တာကြောင့် ကစားသမားအားလုံးကို လိုအပ်ပါတယ်။ ကျွန်တော် ခရစ္စတီယာနိုနဲ့ ပတ်သက်ပြီး မြင်ခဲ့တာက သူအသင်းအတွက် အစွမ်းကုန် ကြိုးစားချင်တာထက် ပိုနေပြီး သူ့အသင်းဖော်တွေကလည်း တူတူပါပဲ”လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး ရန်းနစ်က “ကျွန်တော် ပြီးခဲ့တဲ့ပွဲတွေ ကြည့်ခဲ့ပါတယ်။ ဝက်ဖို့ဒ်၊ ချဲလ်ဆီး၊ လီဗာပူး၊ မန်စီးတီးတို့နဲ့ပွဲတွေကို ကြည့်ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်အတွက် အဓိက ပစ်မှတ်က လာမယ့် ရက်ပိုင်းအတွင်း၊ ရက်သတ္တပတ်တွေအတွင်း အသင်းကို ဟန်ချက်နဲ့ ထိန်းချုပ်မှုတွေ ယူဆောင်လာပေးဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပေးထားရတဲ့ ဂိုးအရေအတွက်ကို ကြည့်လိုက်ရင် တစ်ပွဲ ၂လုံးနှုန်း ဖြစ်နေပြီး အဲ့ဒီပမာဏက အရမ်းများပါတယ်။ ဒါကအသင်းကို ဟန်ချက်ညီပြီး ထိန်းချုပ်မှု ပိုကောင်းစေဖို့ ကျွန်တော့်ရဲ့ ချဉ်းကပ်ပုံ ဖြစ်ပါတယ်”

“အာဆင်နယ်နဲ့ပွဲက ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့ပေမဲ့ ကျွန်တော့်အတွက်တော့ ပွဲကို ထိန်းချုပ်ကစားနိုင်ဖို့က ပိုအပ်တာကြောင့် ဒီလိုပွဲမျိုးတွေက နေ့တိုင်း မလိုအပ်ပါဘူး။ ဒါကကျွန်တော့်ရဲ့ ချဉ်းကပ်ပုံဖြစ်ပြီး ပြိုင်ဘက်ကစားသမားတွေ ဂိုးနားမရောက်လာဖို့ ကြိုးစားသွားပါမယ်”လို့ ဆိုခဲ့ပါတယ်။

ရန်းနစ်က လီဗာပူး၊ ချဲလ်ဆီး၊ မန်စီးတီးတို့ဟာ နောက်တစ်ဆင့်မှာ ရှိနေတယ်ဆိုပေမဲ့ လက်ရှိလူစာရင်းနဲ့ အဆင့်၄နေရာ ရအောင် လုပ်နိုင်မယ်လို့ ရန်းနစ်က ယုံကြည်နေပါတယ်။

“ဒီလူစာရင်းက ထိပ်သီး၄သင်းနေရာ ဝင်နိုင်ဖို့ သေချာပေါက်လုံလောက်ပါတယ်။ ထိပ်သီး၃သင်းကို ကြည့်လိုက်ရင် သူတို့က အရမ်းတည်ငြိမ်ပြီး ထိပ်တန်းနည်းပြတွေ၊ ကမ္ဘာ့အကောင်းဆုံး နည်းပြတွေကို ပိုင်ဆိုင်ထားပါတယ်။ သူတို့ ကစားပုံ၊ နိုင်ပွဲရယူပုံတွေ၊ ပွဲကိုထိန်းချုပ်ပုံတွေက ကျွန်တော်တို့ တိုးတက်ဖို့ လိုနေတဲ့အရာတွေပါပဲ”လို့ ပြောခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရော်နယ်ဒို #ရန်နစ်