ရှေ့သို့
Image

အသင်းက ထွက်ခွာသွားတဲ့ ကာရစ်ကို နှုတ်ဆက်ခဲ့တဲ့ ယူနိုက်တက်ကြယ်ပွင့်များ

4:31 PM, 3 December

မန်ချက်စတာယူနိုက်တက် ကြယ်ပွင့်တွေကတော့ အာဆင်နယ်ကို ၃-၂ နဲ့ နိုင်ပွဲရရှိခဲ့ပြီးနောက် အသင်းက ထွက်ခွာသွားတဲ့ မိုက်ကယ်ကာရစ်ကို ဝမ်းနည်းစွာနဲ့ နှုတ်ဆက်ခဲ့ကြပါတယ်။ ယူနိုက်တက် ကွင်းလယ်ကြယ်ပွင့်ဟောင်းဟာ နည်းပြဟောင်း အိုလီဂန်နာဆိုးလ်ရှား ထုတ်ပယ်ခံခဲ့ရပြီးနောက် ယူနိုက်တက်ရဲ့ ယာယီနည်းပြအဖြစ် ဗီလာရီးရဲလ်နဲ့ အာဆင်နယ်တို့ကို အနိုင်ကစားခဲ့ပြီး ချဲလ်ဆီးကိုလည်း သရေရလဒ် ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

ယူနိုက်တက်ကိုတော့ လာမယ့်တနင်္ဂနွေနေ့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲကစပြီး နည်းပြသစ် ရာ့ဖ်ရန်နစ်က တာဝန်ယူသွားမှာဖြစ်ပေမယ့် ကာရစ်ကတော့ လက်ထောက်နည်းပြ ဆက်မလုပ်တော့ပဲ အသင်းကနေထွက်ခွာဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။ ကာရစ်ဟာ သူ့ရဲ့ဆုံးဖြတ်ချက်ကို အာဆင်နယ်နဲ့ပွဲအပြီးမှာ ကြေညာခဲ့ပြီး ကစားသမားတွေကလည်း သူတို့ရဲ့ အသင်းဖော်ဟောင်းလည်းဖြစ် နည်းပြလည်းဖြစ်တဲ့ ကာရစ်ကိုဆိုရှယ်မီဒီယာကနေ နှုတ်ဆက်ခဲ့ပါတယ်။

စကော့မက်တွန်မီနေးက “ကျွန်တော့်ကို ကူညီခဲ့တာတွေအရမ်းများတော့ ဘယ်ကဘယ်လို စပြောရမှန်းတောင် မသိတော့ပါဘူး။ ဘောလုံးသမား တစ်ယောက်အနေနဲ့ရော သာမန်လူတစ်ယောက်အနေနဲ့ပါ အရမ်းကိုတော်တဲ့သူပါပဲ။ ဒီညနိုင်ပွဲက ကာရစ်အတွက်ပါပဲ၊ အကောင်းဆုံးတွေပဲ ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် LEGEND ”ဆိုပြီး ပြောခဲ့ပါတယ်။

အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွာရီကလည်း “ ဒီပွဲက ကာရစ်အတွက်ပါပဲ၊ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ် ဂန္တဝင်ကြီ ” ဆိုပြီး ရေးသားခဲ့ပါတယ်။ ညာနောက်ခံလူ ဒီယိုဂိုဒါလော့ကလည်း ကာရစ်အတွက် ဆုတောင်းပေးနေကြောင်းနဲ့ နည်းပြရန်နစ်လက်အောက်မှာ ခေတ်သတ်တစ်ခုကို စတင်နိုင်ဖို့ မျှော်လင့်ထားကြောင်းလည်း ပြောသွားခဲ့ပါတယ်။

အာဆင်နယ်ကိုအနိုင်ရရှိခဲ့ပြီးနောက် ပေါ်တူဂီသားက “သူနဲ့(ရန်နစ်) အသားကျဖို့ အချိန်တစ်ခုတော့ လိုပါတယ်၊ သူလည်း ကျွန်တော်တို့ အကြောင်း သေချာသိဖို့ အချိန်လိုမှာပါ။ ဒါတွေအားလုံး မနက်ဖြန်စပါပြီ။ နည်းပြမိုက်ကယ်ကာရစ်ကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ သူဒီနေ့ထွက်သွားပါပြီ၊ အသင်းအတွက် ကစားသမားတစ်ယောက်အနေနဲ့ရော၊ နည်းပြတစ်ယောက်အနေနဲ့ပါ လုပ်ဆောင်ပေးခဲ့တာတွေ အားလုံးအတွက် ကျေးဇူးတင်ပါတယ်။ ရှေ့လျှောက်အဆင်ပြေပါစေဗျာ ” လို့ ရေးသားခဲ့ပါတယ်။

လင်ဂတ်ကလည်း “မိုက်ကယ်ကာရစ်လို ဂန္တဝင်တစ်ယောက်နဲ့ တွဲကစားခွင့်ရတဲ့အတွက်ရော၊ အမှတ်တရကောင်းတွေအများကြီး ရှိခဲ့တဲ့အတွက်ပါ အရမ်းဂုဏ်ယူမိတယ်။ အကောင်းဆုံးတွေ ပိုင်ဆိုင်နိုင်ပါစေ legend ” လို့ မှတ်ချက်ပေးခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်ကလည်း “ ဒီအသင်းနဲ့ ပွဲ ၁၀၀ ပြည့်မှာ ကိုယ့်ပရိသတ်ရှေ့ နိုင်ပွဲရရှိခဲ့တဲ့အတွက် အရမ်းပျော်မိတယ်။ နောက်ပွဲတွေလည်း ဒီလိုမျိုးဖြစ်ဖို့ပဲ မျှော်လင့်မိတယ်။ နည်းပြမိုက်ကယ်ကာရစ်ကိုလည်း ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ မန်ချက်စတာယူနိုက်တက်ရဲ့ ထာဝရဂန္တဝင် တစ်ယောက်ပါပဲ ” ဆိုပြီး ရေးခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ကာရစ်