ရှေ့သို့
Image

ရန်နစ်ရဲ့ အဓိက ကစားသမား ဆက်ဖြစ်နေဦးမယ့် ရော်နယ်ဒို

2:23 PM, 3 December

မန်ချက်စတာယူနိုက်တက်ကို နည်းပြသစ်တစ်ဦး ကိုင်တွယ်တော့မှာ ဖြစ်ပေမယ့် နည်းပြသစ် ရာ့ဖ်ရန်နစ်ကတော့ ခရစ္စတီယာနိုရော်နယ်ဒိုကို သူ့အသင်းရဲ့ အဓိက ကစားသမား တစ်ဦးအဖြစ် သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။

ယူနိုက်တက်ယာယီနည်းပြအဖြစ် တာဝန်ယူမယ့် ရန်နစ်ရဲ့ ၆ လတာအတွင်း အပြောင်းအလဲများစွာ ဖြစ်သွားနိုင်ပေမယ့်လည်း မနေ့ညက အာဆင်နယ်ကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ သူ့ရဲ့ကစားသမားဘ၀ ဂိုး ၈၀၀ နဲ့ ၈၀၁ ဂိုးမြောက်တို့ကို သွင်းယူနိုင်ခဲ့တာကြောင့် ယာယီနည်းပြကြီးအနေနဲ့လည်း ရော်နယ်ဒိုကို လစ်လျူရှုနိုင်မှာ မဟုတ်တော့ပါဘူး။

ရှောလ်ကေး၊ ဟော့ဖန်ဟိမ်းနဲ့ လိုက်ပ်ဇစ်နည်းပြဟောင်း ရန်နစ်ဟာ အာဆင်နယ်နဲ့ပွဲအပြီးမှာ အသင်းကနေ တရားဝင်ထွက်ခွာသွားတဲ့ မိုက်ကယ်ကာရစ်ရဲ့နေရာမှာ ယာယီနည်းပြအဖြစ်နဲ့ ယူနိုက်တက်ကို ဆက်လက်တာဝန်ယူသွားတော့မှာပဲ ဖြစ်ပါတယ်။ ရန်နစ်ရဲ့ ပထမဆုံး ထရိန်နင်ကိုတော့ သောကြာနေ့ (ယနေ့) ညနေမှာ ပြုလုပ်သွားမှာဖြစ်ပြီး ကြာသပတေးညက အာဆင်နယ်နဲ့ ပွဲကိုလည်း ပွဲကြည့်စင်ကနေ လာရောက်ကြည့်ရှုသွားခဲ့ပါတယ်။

လက်ရှိယူနိုက်တက်ရဲ့ ဂိုးသမားနေရာမှာ ဒီဂီယာလက်စွမ်းပြနေပေမယ့် ရန်နစ်စိုးရိမ်ရမယ့် အချက်တစ်ခုကတော့ နောက်ခံအစွန်လူတွေရဲ့ အရည်အသွေးပိုင်းဖြစ်ပြီး ဖရက်ဒ်နဲ့ စကော့မက်တိုမီနေးတို့ရဲ့ ကွင်းလယ်ကလည်း တည်ငြိမ်မှုပျောက်ဆုံးနေပြီး ရက်ရှ်ဖို့ဒ်ရဲ့ ပုံမှန်ခြေစွမ်းကိုလည်း ပြန်လည်ရှာဖွေပေးနိုင်ဖို့ လိုအပ်နေပါတယ်။ ဒါပေမယ့် လာမယ့်ဖေဖော်ဝါရီဆိုရင် ၃၇ နှစ်ပြည့်တော့မယ့် ရော်နယ်ဒိုကတော့ လက်ရှိပွဲစဉ်တွေရော၊ ကျန်တဲ့ရာသီ ကုန်ထိကစားရမယ့် ပွဲစဉ်တွေမှာပါ ဆက်လက်ပွဲထွက်ခွင့် ရရှိသွားဖွယ် ရှိနေပါတယ်။

Father of Gegenpress လို့တောင် အမညတ်တွင်တဲ့အထိ high pressing ကစားဟန်ကို အကောင်အထည် ဖော်နိုင်ဖို့အတွက်တော့ ယူနိုက်တက်ရဲ့ တိုက်စစ်မှူးတွေနဲ့ ပွဲထွက်ကစားမယ့် ခံစစ်အတွဲကိုလည်း ဆုံးဖြတ်ဖို့လိုပါတယ်။ ရန်နစ်ရဲ့ ကစားဟန်ကို ရော်နယ်ဒိုလိုက်ကစားနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်သူတွေက ယုံကြည်နေကြပေမယ့် ရော်နယ်ဒိုရဲ့ ဂိုးသွင်းသေချာလွန်းတဲ့ အရည်အသွေးကြောင့် ရန်နစ်ရဲ့ အဓိကတိုက်စစ်မှူးအဖြစ်လည်း ဆက်လက်ကစားခွင့် ရရှိသွားရှိနေပါတယ်။ ရန်နစ်က ရော်နယ်ဒိုကို အရင်နည်းပြတွေနဲပ မတူညီတဲ့ နည်းလမ်းတစ်ခုနဲ့ အသုံးပြုလိုနေတယ်လို့လည်း သိရပါတယ်။

ရန်နစ်ရဲ့ဗျူဟာကတော့ ပေါ်တူဂီအသင်းခေါင်းဆောင်ကို ပြိုင်ဘက်ခံစစ်မှူးတွေ ဘောလုံးရတိုင်း အတင်းလိုက်လုတဲ့ ပုံစံနဲ့ပြိုင်ဘက်ကို အမှားလုပ်မိအောင် ကြိုးစားမှာဖြစ်ပြီး ဒီနည်းနဲ့ gegenpressing ကစားဟန်ကို အကောင်းဆုံး တည်ဆောက်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ ရော်နယ်ဒိုရဲ့ လက်ရှိလုပ်အားနှုန်းဟာ ကျဆင်းသွားခြင်း မရှိသေးပေမယ့် အာဆင်နယ်နဲ့ပွဲမှာ တောင်ပံကနေ အနည်းငယ်ပြေးပြီးနောက် မောနေတာကို မြင်တွေ့ခဲ့ရပြီး ချက်ချင်းလူစားလဲခံခဲ့ရပါတယ်။ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲကို တနင်္ဂနွေနေ့မှ ကစားရမှာဖြစ်တာကြောင့် ၄၈ နာရီအတွင်း အပြည့်အ၀ အနားယူပြီး နည်းပြသစ်အတွက် အကောင်းဆုံးခြေစွမ်းနဲ့ ပြန်လာနိုင်ဖို့ လိုပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရန်နစ်