ရှေ့သို့
Image

အာဆင်နယ်နဲ့ ပွဲမှာတော့ ရော်နယ်ဒိုကိုချန်လှပ်မှာ မဟုတ်ဘူးလို့ ကာရစ်ပြော

1:08 PM, 2 December

မန်ချက်စတာယူနိုက်တက် ယာယီနည်းပြ မိုက်ကယ်ကာရစ်ကတော့ ခရစ္စတီယာနိုရော်နယ်ဒိုကို နောက်တစ်ကြိမ် ချန်လှပ်နိုင်တယ်ဆိုတဲ့ သတင်းတွေအားလုံးကို ပယ်ချသွားပြီး ရော်နယ်ဒိုဟာ pressing ကစားဟန်ကိုလည်း ကစားနိုင်စွမ်းရှိတယ်ဆိုပြီး ထောက်ခံခဲ့ပါတယ်။ ကာရစ်ဟာ သူ့ရဲ့ ဒုတိယမြောက်ပွဲစဉ်ဖြစ်တဲ့ ချဲလ်ဆီးနဲ့ သရေပွဲစဉ်မှာ ရော်နယ်ဒိုကို အံ့အားသင့်ဖွယ် ချန်လှပ်ခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲချိန် ၆၄ မိနစ်ကျမှ လူစားဝင်ကစားစေခဲ့ပြီး အနည်းငယ်သာ ခြေစွမ်းပြနိုင်ခဲ့ပြီး ပွဲပြီးချိန်မှာတော့ အဝတ်လဲခန်းထဲကို တန်းဝင်သွားခဲ့ပါတယ်။ ကာရစ်ဟာ ယနေ့ညမှာ ကစားမယ့် အာဆင်နယ်နဲ့ပွဲစဉ်မှာလည်း ပွဲထွက်လူစာရင်းကို သတ်မှတ်ရမှာဖြစ်တာကြောင့် တနင်္ဂနွေညပွဲက အပြုအမူကြောင့် ရော်နယ်ဒိုကို နောက်တစ်ကြိမ် အရန်ခုံပို့နိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ကာရစ်က “ ဒါက ဒီပွဲအတွက် အဓိကကျတဲ့ ဆုံးဖြတ်ချက်လို့ မထင်ပါဘူး။ ကျွန်တော်တို့အားလုံး အဆင်ပြေတယ်၊ ပွဲတစ်ပွဲ ကစားခါနီးတိုင်း ဘယ်လိုဖြစ်တယ်၊ ဘယ်ညာဖြစ်တယ်ပြောနေရအောင် ဘောလုံးပွဲက ဇာတ်လမ်းတွဲ မဟုတ်ပါဘူး။

အရေးကြီးတဲ့ ဆုံးဖြတ်ချက်ဖြစ်ချင်ဖြစ်လိမ့်မယ် ဒါပေမယ့် ကျွန်တော့်အမြင်မှာတော့ သိပ်အရေးမကြီးပါဘူး။ ပွဲထွက်လူစာရင်းမှာ သူပါမပါဆိုတာ သူ့ကိုပြောပြလိုက်ရုံပါပဲ၊ ခရစ္စတီယာနိုရဲ့ တုံ့ပြန်မှုက အေးအေးဆေးဆေးပါပဲ။ အဝတ်လဲခန်းထဲမှာဆိုလည်း သူကအသင်းဖော်တွေကို အရမ်းပံ့ပိုးပေးတတ်တယ်။ ပထမပိုင်းပြီးလို့ အသင်းကို စကားပြောဖို့ လုပ်နေတဲ့အချိန်မှာ သူက သွေးပူလေ့ကျင့်ခန်းလုပ်နေတာ ၁၀ မိနစ်လောက်ရှိနေပြီ၊ ဒုတိယပိုင်းမှာ ဝင်ကစားဖို့လည်း အသင့်ပဲ။ သူအများကြီး လုပ်ပြပေမယ့် သတင်းကထွက်လိုက်ရင် မကောင်းတာချည့်ပဲ ထွက်နေတယ် ဒါပေမယ့် နောက်ကွယ်က အမှန်တရားကတော့ ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ တခြားစီပါပဲ ” ဆိုပြီး ပြောခဲ့ပါတယ်။

ကာရစ်က ရော်နယ်ဒိုနဲ့ ယာယီနည်းပြသစ်ဖြစ်လာမယ့် ရာ့ဖ်ရန်နစ်ရဲ့ high pressing ကစားဟန်နဲ့ မကိုက်လောက်ဘူးဆိုတဲ့ စကားတွေကိုလည်း ငြင်းပယ်ခဲ့ပါတယ်။ ကာရစ်က “သူ့ရဲ့ ကစားသမားဘဝက ဒဏ္ဍာရီတစ်ခုလိုပဲ၊ သူဖြတ်သန်းခဲ့တဲ့ နှစ်တွေအတွင်းမှာ အသင်းအမျိုးမျိုး ကစားကွက်အမျိုးမျိုး သူကစားခဲ့ပြီးပြီ၊ အသင်းတိုင်းမှာလည်း ဂိုးသွင်းတယ်။ ဘယ်ကစားကွက် ၊ ဘယ်ကစားဟန်နဲ့ဖြစ်ဖြစ် သူကတော့ ဂိုးတွေသွင်းနေဦးမှာပဲ ” ဆိုပြီး ထပ်လောင်းပြောခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အာဆင်နယ် #ရော်နယ်ဒို #ကာရစ်