ရှေ့သို့
Image

တီမိုဝါနာနဲ့ ဟာလန်းအပါအဝင် အသင်းဟောင်းက တပည့်ကျော်တွေကို ခေါ်ယူချင်နေတဲ့ ရန်နစ်

12:38 PM, 2 December

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြသစ် ရာ့ဖ်ရန်နက်ဟာ အသင်းရဲ့ တိုက်စစ်မှာ အာလင်းဟာလန်း၊ တီမိုဝါနာတို့ကို ဖြည့်တင်းပြီး အင်အားတိုးချဲ့လိုနေသလို၊ လိုက်ပ်ဇစ်ကြယ်ပွင့်တွေဖြစ်ကြတဲ့ ခရစ္စတိုဖာအန်ကွန်ကူနဲ့ အာမာဒူဟိုက်ဒါရာတို့ကိုလည်း ကွင်းလယ်အတွက် ခေါ်ယူချင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ရန်နစ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ကြောင်းကို တနင်္လာနေ့ကပဲ တရားဝင်ကြေငြာခဲ့ပြီး နည်းပြအဖြစ် ၆ လတာဝန်ယူပြီးရင် အတိုင်ပင်ခံအဖြစ် အသင်းမှာ နောက်ထပ် ၂ နှစ် ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။ ဂျာမန်သားကြီးဟာ နည်းစနစ်ပိုင်းကြွယ်ဝတဲ့နည်းပြအဖြစ် ကျော်ကြားရုံတင်မကပဲ အပြောင်းအရွှေ့ပိုင်းမှာလည်း ဆရာကျသူဖြစ်ကြောင်းကို လိုက်ပ်ဇစ်၊ ဆဲလ်ဘတ်နဲ့ လိုကိုမိုတစ်မော်ဒကိုတို့မှာ သက်သေပြသနိုင်ခဲ့သူ ဖြစ်ပါတယ်။

ဂျာမန်သတင်းစာ BILD ရဲ့ ဖော်ပြချက်အရ ရန်နစ်ဟာ ဒေါ့မွန်တိုက်စစ်မှူး အာလင်းဟာလန်းရဲ့ ဖခင်အယ်ဖင်ဟာလန်းနဲ့ ရင်းနှီးသူဖြစ်တာကြောင့် ဒီအချက်အပေါ် အခွင့်ကောင်းယူပြီး တိုက်စစ်မှူးကို အရခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ရန်နစ်ဟာ ဆဲလ်ဘတ်အသင်းရဲ့ အားကစားဒါရိုက်တာဖြစ်ခဲ့တုန်းက ဟာလန်းကို ၂၀၁၉ ဆောင်းရာသီမှာ သြစတီးယားကလပ်အတွက် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၀ ဆောင်းရာသီမှာတော့ နော်ဝေသားဟာ ဒေါ့မွန်ကို ပေါင် ၁၈ သန်းတည်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ပထမဆုံးရာသီမှာတင် ၂၂ ပွဲ ကစားပြီး ၂၈ ဂိုးထိ သွင်းယူနိုင်ခဲ့ပါတယ်။

ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီကလည်း ဘွန်ဒက်လီဂါကလပ်အတွက် ၄၁ ပွဲကစားပြီး ၄၁ ဂိုး သွင်းပေးခဲ့ပြီး ဒီရာသီမှာတော့ ဒဏ်ရာပြဿနာတွေ ရှိနေတာတောင်မှ ၁၁ ပွဲကစား ၁၄ ဂိုးထိ သွင်းယူထားပါသေးတယ်။ အဆိုပါသတင်းမှာပဲ ရန်နစ်ဟာ လိုက်ပ်ဇစ်ကို ကိုင်စဉ်က သူ့ရဲ့တပည့်ကျော်တစ်ယောက် ဖြစ်ခဲ့တဲ့ လက်ရှိချဲလ်ဆီးတိုက်စစ်မှူး တီမိုဝါနာကိုလည်း လာမယ့်နွေရာသီမှာ ခေါ်ယူချင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ၆၃ နှစ်အရွယ် နည်းပြကြီးဟာ ဝါနာကို လိုက်ပ်ဇစ်မှာတုန်းက ခေါ်ယူခဲ့သူဖြစ်ပြီး ထိပ်တန်းကစားသမား တစ်ဦးဖြစ်လာအောင် အရောင်တင်ပေးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီကမှ လိုက်ပ်ဇစ်ကနေ ပေါင် ၄၇.၅ သန်းနဲ့ ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့ပေမယ့် ခြေစွမ်းပြဖို့ ရုန်းကန်နေရပြီး ၆၄ ပွဲကစားခဲ့ရာမှာ ၁၅ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ဂိုးရှေ့ရောက်ရင် အမှားတွေ လုပ်လေ့ရှိတာကြောင့်လည်း ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမယ့် ၂၅ နှစ်သား တိုက်စစ်မှူးဟာ လိုက်ပ်ဇစ်အတွက် နောက်ဆုံးကစားခဲ့တဲ့ ရာသီမှာတောင် ၃၄ ဂိုးထိ သွင်းယူနိုင်ခဲ့တာကြောင့် ရန်နစ်က ဝါနာရဲ့ အရည်အသွေးကို ကောင်းကောင်းသိရှိထားပါတယ်။

တစ်ဆက်တည်းမှာပဲ လက်ရှိလိုက်ပ်ဇစ်ကွင်းလယ်လူ ဟိုက်ဒါရာကလည်း ယူနိုက်တက်ရဲ့ ပစ်မှတ်တစ်ခုဖြစ်ပြီး သောကြာညမှာ ကစားမယ့် ယူနီယံဘာလင်နဲ့ပွဲစဉ်မှာတောင် ယူနိုက်တက်က ကင်းထောက်တွေ စေလွှတ်ပြီး မာလီလက်ရွေးစင်ကို စောင့်ကြည့်ခိုင်းထားပါတယ်။ ဟိုက်ဒါရာရဲ့ လိုက်ပ်ဇစ်အသင်းဖော် အန်ကွန်ကူဟာလည်း ယူနိုက်တက်ရဲ့ ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေတယ်လို့ BILD က ဖော်ပြခဲ့ပါတယ်။ ပြင်သစ် ယူ ၂၁ လက်ရွေးစင်ဟာ ဒီရာသီ ပြိုင်ပွဲစုံ ၁၉ ပွဲကစားပြီး ၁၃ ဂိုးထိ သွင်းယူထားနိုင်ခဲ့ပြီး ဒီရာသီအစောပိုင်းက မန်ချက်စတာစီးတီးကို ၆-၃ နဲ့ရှုံးတဲ့ပွဲမှာ ချေပဂိုး ၃ ဂိုးစလုံးကို တစ်ဦးတည်း သွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ယူနိုက်တက်က ပြီးခဲ့တဲ့ နွေရာသီကမှ ဂျေဒန်ဆန်ချိုနဲ့ ခရစ္စတီယာနိုရော်နယ်ဒိုတို့ကို ခေါ်ယူထားတာကြောင့် ဟာလန်းနဲ့ ဝါနာကို စိတ်ဝင်စားတဲ့ သတင်းက နည်းနည်းတော့ အံ့သြစရာဖြစ်နေပါတယ်။ လက်ရှိယူနိုက်တက်ရဲ့ တိုက်စစ်မှာ မားကပ်စ်ရက်ရှ်ဖို့ဒ်၊ မေဆင်ဂရင်းဝုဒ်၊ အန်တိုနီမာရှယ်နဲ့ အက်ဒီဆင်ကာဗာနီတို့ ရှိနေတာကြောင့် အားအကောင်းဆုံး နေရာလို့တောင် ပြောလို့ရပါတယ်။

ကွင်းလယ်မှာလည်း ရွေးချယ်စရာတွေအဖြစ် စကော့မက်တိုမီနေး၊ ပေါလ်ပေါ့ဂ်ဘာ၊ ဖရက်ဒ်၊ နီမန်ဂျာမာနစ်နဲ့ ဒွန်နီဗန်ဒီဘိခ်တို့လည်း ရှိနေပါတယ်။ ဒါပေမယ့် ပြင်သစ်လက်ရွေးစင် ပေါ့ဂ်ဘာရဲ့ အိုးလ်ထရက်ဖို့ဒ် အနာဂတ်ကတော့ မသေချာတော့တဲ့ အနေအထား ဖြစ်နေတာကြောင့် စာချုပ်သက်တမ်းကုန်ဆုံးမယ့် ရာသီကုန်မှာသာ ပေါ့ဂ်ဘာထွက်ခဲ့ရင် သူ့နေရာကိုတော့ အစားထိုးဖို့ သေချာပေါက်လိုအပ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #တီမို၀ါနာ #ဟာလန်း #ဆဲလ်ဘတ် #ရန်နစ်