ရှေ့သို့
Image

ဘာနာဒိုဆေးလ်ဗားဟာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး ကစားသမားလို့ ဂွါဒီယိုလာ ကင်ပွန်းတပ်

11:01 AM, 2 December

အက်စ်တွန်ဗီလာ အသင်းနဲ့ပွဲမှာ အရမ်းကောင်းတဲ့ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဘာနာဒိုဆေးလ်ဗားဟာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားလို့ ချီးကျူးလိုက်ပါတယ်။

မန်စီးတီးအသင်းဟာ ဗီလာအသင်းကို  ရူဘင်ဒီယက်စ်ရဲ့အဝေးကန်ချက်နဲ့အတူ ဦးဆောင်နိုင်ခဲ့ကာ အဲ့နောက် ဘာနာဒိုဆေးလ်ဗားက မြေမကျကန်ချက်နဲ့အတူ ဒုတိယမြောက်ဦးဆောင်ဂိုးသွင်းယူခဲ့ကာ ၂ ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပေမယ့် ဝက်ကင်းက ချေပဂိုးတစ်ဂိုးပြန်လည်သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဗီလာကိုအနိုင်ရရှိခဲ့တာကြောင့် မန်စီးတီးဟာ ချဲလ်ဆီးကို ၁ မှတ်အကွာအနေအထားနဲ့ ဆက်လက်ဖိအားပေးနိုင်ခဲ့ပါတယ်။

"သူ(ဘာနာဒိုဆေးလ်ဗား)က အကောင်းဆုံးပါ။ ပြီးခဲ့တဲ့ ၃ ရာသီတုန်းက ၉၈ မှတ်နဲ့ ချန်ပီယံဆုရချိန်တုန်းကလည်း သူက အကောင်းဆုံးခြေစွမ်းပြခဲ့ပါတယ်။ ဘောလုံးနဲ့ဆို သူက ထူးခြားတဲ့စွမ်းဆောင်ရည်တွေပြသနိုင်ပါတယ်။ လွန်ခဲ့တဲ့ ၂ ရာသီ ဒါမှမဟုတ် ၃ ရာသီကိုကြည့်ရင် အခုလက်ရှိသူ့အနေအထားကို မြင်ရမှာပါ။ ဘောလုံးထိန်းချုပ်မှု ၊ ပေးပို့မှု နဲ့ အဆုံးသတ်ပိုင်းမှာ တကယ်ကောင်းပါတယ်။ တစ်ဆင့်မြင့်တဲ့ကစားသမားလို့ ဆိုနိုင်ပါတယ်"လို့ ဂွါဒီယိုလာက ချီးကျူးခဲ့ပါတယ်။

ဂွါဒီယိုလာဟာ ယူနိုက်တက်ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ရဲ့ နိုင်ပွဲ ၁၅၀ ပြည့်ခဲ့တဲ့စံချိန်ကို ၂၀၄ ပွဲနဲ့ ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ကာ ဖာဂူဆန်ကတော့ ၂၄၇ ပွဲအထိ အချိန်ယူခဲ့ရတာဖြစ်ပါတယ်။ ဒီဘရိုင်း ၊ ဂန်ဒိုဂန် ၊ ဝေါ်လ်ကာ နဲ့ ဂျွန်စတုန်းတို့ ဒဏ်ရာရရှိနေပေမယ့် စီးတီးဟာ ချဲလ်ဆီးကို ဆက်လက်ဖိအားပေးထားနိုင်ဆဲဖြစ်ပါတယ်။

"နိုင်ပွဲ ၁၅၀ ဆိုတဲ့ စံချိန်က စံချိန်ကောင်းတစ်ခုပါ။ အချိန်တိုအတွင်းမှာ ကျွန်တော်တို့ လုပ်ဆောင်နိုင်ခဲ့ပေမယ့် ဆုဖလားတွေအတွက် ဆက်လက်ကြိုးစားရဦးမှာပါ။ လီဗာပူးက ဂိုးသွင်းစက်ဖြစ်နေသလို ချဲလ်ဆီးကလည်း တည်ငြိမ်တဲ့စွမ်းဆောင်ရည်ပြသထားနိုင်ပါတယ်။ ၁ မှတ်ပဲ ကွာတာကြောင့် ဆက်လက်ဖိအားပေးနိုင်ဖို့ ကြိုးပမ်းမှာပါ"လို့ ဂွါဒီယိုလာက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဂျရတ်အတွက်တော့ ဗီလာနည်းပြဘ၀ ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့တာဖြစ်ကာ မန်စီးတီးကို အကောင်းဆုံးဒုက္ခပေးနိုင်ခဲ့တာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အက်စတွန်ဗီလာ #ဂွါဒီယိုလာ #ဆေးလ်ဗား