ရှေ့သို့
Image

အိုးလ်ထရက်ဖို့ဒ်ကို လေ့လာရင်း ဇန်နဝါရီ အသုံးစရိတ်ပမာဏကိုပါ သိရှိထားတဲ့ ရန်နစ်

8:46 AM, 2 December

မန်ချက်စတာယူနိုက်တက် နည်းပြသစ် ရာ့ဖ်ရန်နစ်ကတော့ မန်ချက်စတာကို ရောက်ရှိနေပြီဖြစ်ပြီး မနေ့က အိုးလ်ထရက်ဖို့ဒ်ကွင်းကြီးထဲမှာ လှည့်လည်ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့် ယနေ့ညမှာ ကစားမယ့် အာဆင်နယ်နဲ့ပွဲစဉ်ကို ပွဲကြည့်စင်ကနေ ကြည့်ရှုသွားဖွယ် ရှိနေပါတယ်။

အလုပ်ပါမစ်ကိစ္စကြောင့် ဒီညပွဲစဉ်ကို ပထမဆုံးပွဲအဖြစ် တာဝန်ယူခွင့်နဲ့ လွဲချော်ခဲ့ပေမယ့် ယူနိုက်တက်အနေနဲ့ လာမယ့်တနင်္ဂနွေနေ့မှာ ကစားမယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ အဝေးကွင်းပွဲစဉ်ကို ယာယီနည်းပြသစ်ရဲ့ ပထမဆုံးပွဲစဉ် ဖြစ်လာဖို့ မျှော်လင့်နေပါတယ်။ အသက် ၆၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝါရင့်နည်းပြကြီး ရန်နစ်ဟာ မနေ့ညကပဲ အားကစားဒါရိုက်တာ ဂျွန်မားတော့နဲ့အတူ အိုးလ်ထရက်ဖို့ဒ်ကို လှည့်ပတ်ကြည့်ရှုခဲ့ပါသေးတယ်။ အိုးလ်ထရက်ဖို့ဒ်ကွင်းကို လေ့လာခဲ့သလို ဝန်ထမ်းတွေကိုလည်း တွေ့ဆုံနှုတ်ဆက်သွားပြီးနောက် ယူနိုက်တက်ရဲ့ ထရိန်နင်ကွင်း ကာရင်တန်ကိုလည်း သွားခဲ့ပါတယ်။

ယူနိုက်တက်ဘုတ်အဖွဲ့ဝင် လက်ကျန်ရာသီအတွက် ရန်နစ်ကို ယုံကြည်ထားပြီး ဇန်နဝါရီမှာ အသင်းကို အင်အားဖြည့်တင်းဖို့အတွက် အပြောင်းအရွှေ့ အသုံးစရိတ် ပေါင်သန်း ၁၀၀ ခန့်ထိ ထုတ်ပေးသွားဖို့ ရှိနေပါတယ်။ လိုက်ပ်ဇစ်နည်းပြဟောင်း ရန်နစ်ဟာ သူ့တပည့်ဟောင်းတွေဖြစ်ကြတဲ့ လိုက်ပ်ဇစ်က အာမာဒူဟိုက်ဒါရာနဲ့ ခရစ္စတိုဖာအန်ကွန်ကူတို့ကို ဇန်နဝါရီမှာ ခေါ်ယူလိုပြီး နွေရာသီပစ်မှတ်အဖြစ်တော့ အာလင်းဟာလန်းကို သတ်မှတ်ထားပါတယ်။

ရန်နစ်ဟာ ဆဲလ်ဘတ်အသင်းရဲ့ အားကစားဒါရိုက်တာ တာဝန်ယူခဲ့စဉ်က ဟာလန်းကို ခေါ်ယူခဲ့သူဖြစ်ပြီး ၂၀၂၀ နှစ်စကမှ ဒေါ့မွန်ကို ပေါင် ၁၈ သန်းတည်းနဲ့ ပြောင်းရွှေ့ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ရန်နစ်ဟာ ဟာလန်းရဲ့ဖခင်ဖြစ်တဲ့ လိဒ်ယူနိုက်တက်နဲ့ မန်ချက်စတာစီးတီး ကစားသမားဟောင်း အယ်ဖင်ဟာလန်းနဲ့လည်း ရင်းနှီးသူဖြစ်တာကြောင့် ဟာလန်းကို ခေါ်ယူရေးကြိုးစားမှုမှာ ယူနိုက်တက်က အသာစီးရလာနိုင်မယ်လို့ ယုံကြည်နေပါတယ်။

၂၁ နှစ်အရွယ် နော်ဝေသားတိုက်စစ်မှူးရဲ့ ပေါင် ၆၃ သန်းတန် စာချုပ်ဖျက်သိမ်းကြေးကလည်း လာမယ့်နွေရာသီဆိုရင် အသက်ဝင်ပြီဖြစ်တာကြောင့် ဥရောပထိပ်သီးအသင်းတွေနဲ့အပြိုင် ဟာလန်းကို ခေါ်ယူနိုင်ဖို့ ကြိုးစားရတော့မှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ယနေ့ညပွဲစဉ်ကိုတော့ ရန်နစ်မကိုင်နိုင်သေးတာကြောင့် လက်ရှိယာယီနည်းပြ မိုက်ကယ်ကာရစ်ကပဲ ဆက်လက်တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အာဆင်နယ် #ရန်နစ်