ရှေ့သို့
Image

မက်ဆီ မရှိတဲ့ အဝတ်လဲခန်းရဲ့အခြေအနေကို ဖွင့်ဟလာတဲ့ ပီကေး

4:08 PM, 1 December

ဘာစီလိုနာ နောက်ခံလူ ဂျရတ်ပီကေးကတော့ နွေရာသီတုန်းက နူးကမ့်ကနေ အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီရဲ့ ရုတ်တရက်ထွက်ခွာသွားပြီးနောက် ဘာစီလိုနာ အဝတ်လဲခန်းရဲ့ လစ်ဟာနေမှုအကြောင်းကို ပြောပြသွားခဲ့ပါတယ်။

အာဂျင်တီးနားကြယ်ပွင့်ကို ပြီးခဲ့တဲ့နွေအပြောင်းအရွှေ့မှာ ဘာကာဘက်က စာချုပ်သက်တမ်း တိုးနိုင်ခြင်းမရှိခဲ့တာကြောင့် အခုလိုမျိုး နှုတ်ဆက်ခဲ့ရတာလည်း ဖြစ်ပါတယ်။ စပိန်ကနေ ထွက်ခွာပြီးနောက် ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့ပြီး အသင်းဖော်ဟောင်း နေမာ၊ ကိုင်လီယန်မက်ပီတို့နဲ့ အတူတွဲကစားလျက်ရှိပါတယ်။ ဒါပေမယ့် မက်ဆီနဲ့အတူ ဘာစီလိုနာရဲ့ လာမာစီယာအကယ်ဒမီက ပေါ်ထွက်လာတဲ့ အသင်းဖော်ဟောင်း ပီကေးအတွက်တော့ မက်ဆီရဲ့လစ်ဟာမှု သူ့အတွက်ရော၊ အသင်းအတွက်ပါ တော်တော်လေး ကြီးမားလွန်းခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

ပီကေးက “ ကျွန်တော့်အသက် ၁၃ နှစ်သားကတည်းက သူနဲ့အဝတ်လဲခန်း တစ်ခုတည်းမှာရှိခဲ့တာပါ၊ ကျွန်တော့်အတွက်တော့ ညီအစ်ကိုအရင်းလိုပါပဲ၊ ဘောလုံးကန်တဲ့ နေရာမှာရော၊ အပြင်မှာရော ဒါကိုလက်ခံဖို့ ခဲယဉ်းနေပါတယ်။ ဒီနှစ်စတင်ခဲ့တဲ့ အရာအားလုံးက အကောင်းချည့်မဟုတ်ပါဘူး ကျွန်တော်တို့ရဲ့ အကောင်းဆုံး အချိန်တွေက သမိုင်းမှာ ကျန်ခဲ့ပါပြီ ” လို့ ပြောခဲ့ပါတယ်။

ဘာစီလိုနာဟာ နည်းပြရော်နယ်ကိုးမန်းကို ထုတ်ပယ်ခဲ့ပြီး ဂန္တဝင်ကစားသမား တစ်ယောက်ပဲဖြစ်တဲ့ ဇာဗီကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိဘာကာဟာ လာလီဂါအမှတ်ပေးဇယားရဲ့ အဆင့် ၇ နေရာမှာသာ ရပ်တည်နေပြီး မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ရဲ့နောက် ၁၀ မှတ်အကွာကို ရောက်ရှိနေပါတယ်။ စနေညမှာတော့ အဆင့် ၅ နေရာက ရီးရဲလ်ဘက်တစ်ကို ရင်ဆိုင်ဖို့လည်း ရှိနေပါတယ်။

တစ်ဖက်က မက်ဆီကတော့ သူ့ရဲ့ ၇ ခုမြောက် ဘောလွန်းဒီအောဆုကို ရရှိခဲ့ပေမယ့် ဒီဆုကို နိုင်ငံအသင်း အာဂျင်တီးနားနဲ့ အောင်မြင်မှုကြောင့်သာ ရရှိခဲ့တာ ဖြစ်ပါတယ်။ မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် ပထမဆုံးဆုဖလားအဖြစ် ကိုပါအမေရိကဖလားကို ဇူလိုင်လတုန်းက ယူပေးနိုင်ခဲ့ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ကိုးလ်မန်း #ပီကေး