ရှေ့သို့
Image

ယူနိုက်တက်နည်းပြသစ်ဖြစ်လာဖို့ အံ့အားသင့်ဖွယ် ရေပန်းစားလာတဲ့ မန်ချီနီ

12:48 PM, 1 December

သတင်းတွေအရ မန်စီးတီးနည်းပြဟောင်း မန်ချီနီဟာ လာမယ့်နွေရာသီမှာ ယူနိုက်တက် နည်းပြသစ်ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်လာတယ်လို့ ဖော်ပြခဲ့ပါတယ်။ မန်ချီနီဟာ ၂၀၁၁ - ၁၂ ရာသီတုန်းက မန်စီးတီးအသင်းကို ပရီးမီးယားလိဂ် ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အီတလီအသင်းကို ကိုင်တွယ်နေပေမယ့်လည်း မန်ချီနီဟာ ယူနိုက်တက်နည်းပြအလုပ်နဲ့ ပတ်သက်ပြီး မပယ်ချထားဘူးလို့ The Telegraph သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ မန်ချီနီဟာ အီတလီအသင်းကို ယူရို ၂၀၂၀ ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး မတ်လမှာ ကာတာကမ္ဘာ့ဖလား ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးရမှာဖြစ်ပါတယ်။ သို့ပေမယ့် ယူနိုက်တက်ဟာ ဆိုးလ်ရှားနေရာအတွက် ကာလရှည် နည်းပြနေရာရှာဖွေနေကာ မန်ချီနီကို စိတ်ဝင်စားနေပါတယ်။

ယူနိုက်တက်ဟာ လာမယ့်နွေရာသီမှာ အသက် ၅၇ နှစ်သားကို ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း သတင်းတွေက ဆိုပါတယ်။ မန်ချီနီဟာ အီတလီအသင်းနဲ့ ၂၀၂၆ အထိ စာချုပ်သက်တမ်းရှိနေကာ ယူနိုက်တက်အနေနဲ့ အနည်းငယ်တော့ ခက်ခဲနိုင်ဖွယ်ရှိနေပါတယ်။ ဒါပေမယ့် မန်ချီနီဟာ ပရီးမီးယားလိဂ်ကိုပြန်လာချင်နေပြီး ယူနိုက်တက်တာဝန်ရှိသူတွေကလည်း လစ်လပ်နေတဲ့ နည်းပြနေရာအတွက် မန်ချီနီကို ခန့်အပ်ချင်နေကြပါတယ်။

ယူနိုက်တက်ဟာ ရာသီကုန်အထိ ယာယီနည်းပြအဖြစ် ရန်နစ်ကို ခန့်အပ်ထားကာ အဲ့နောက် ရန်နစ်ဟာ ယူနိုက်တက်အသင်းရဲ့ အကြံပေးအဖြစ် ၂ နှစ်ဆက်လက်လုပ်ကိုင်မှာဖြစ်ပါတယ်။ ရန်နစ်ဟာ ဗီဇာအခက်အခဲရှိနေပြီး ယူနိုက်တက်ကို ကိုင်တွယ်ခွင့်ရဖို့ကြာဦးမှာဖြစ်ကာ ကာရစ်ကပဲ ဆက်လက်ကိုင်တွယ်ရဖွယ် ရှိနေပါတယ်။ ယူနိုက်တက်ရဲ့ နည်းပြနေရာအတွက် လျာထားစာရင်းမှာ ပိုချက်တီနို ၊ တန်ဟက် နဲ့ ရော်ဂျာတို့ ရှိနေဆဲဖြစ်ပါတယ်။

ပိုချက်တီနိုဟာ အခုလအစောပိုင်းတုန်းက ရာသီဝက်မှာပဲ ယူနိုက်တက်နည်းပြအလုပ်ကို ရယူချင်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။ သို့ပေမယ့် ယူနိုက်တက်အသင်းဘက်က တရားဝင် ချဉ်းကပ်မှုတော့ မရှိသေးတာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပိုချက်တီနို အဆင်မပြေဖြစ်ခဲ့ရင် တန်ဟက်ကိုလည်း နောက်ထပ်ပစ်မှတ်အဖြစ် သတ်မှတ်ထားသေးတာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #မန်စီးတီး #ပိုချက်တီနို #မန်ချီနီ