ရှေ့သို့
Image

ဘေ့စ်ဘောတုတ်နဲ့ တိုက်ခိုက်လာသူကို ပြန်လည်ခုခံတိုက်ခိုက်ခဲ့တဲ့ ဂါဘရီရယ်

9:01 AM, 1 December

အာဆင်နယ်အသင်း နောက်ခံလူ ဂါဘရီရယ်မာဂယ်ဟေးစ်ဟာ သူ့ရဲ့ ကားဂိုဒေါင်ထဲမှာ ပေါင် ၄၅၀၀၀တန် မာစီဒီးစ်ကားကို လုယက်ဖို့ ကြိုးစားလာသူကို ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဂါဘရီရယ်နဲ့ သူငယ်ချင်းဖြစ်သူတို့ Night out ထွက်အပြီး အိမ်ပြန်ရောက်လာချိန်မှာ လုယက်သူနှစ်ဦး ရောက်လာပြီး လက်ထဲမှာ ဘေ့စ်ဘောတုတ်ကိုင်ထားရင်း ဂါဘရီရယ်ကို မာစီဒီးစ်ကားသော့၊ မိုဘိုင်းဖုန်းနဲ့ နာရီတွေပေးဖို့ ခြိမ်းခြောက်တောင်းဆိုခဲ့ပါတယ်။ လုယက်သူနှစ်ဦးထဲက တစ်ဦးဖြစ်တဲ့ အဒါရာဟမ်မူဆေးက ဘရာဇီးသားဂါဘရီရယ်ကို ဘေ့စ်ဘောရိုက်တဲ့ တုတ်တံနဲ့ တိုက်ခိုက်ခဲ့ပေမယ့် ဂါဘရီရယ်က ပြန်လည်ခုခံတိုက်ခိုက်ခဲ့လို့ အဲဒီလုယက်သူတွေလည်း ထွက်ပြေးသွားခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိ မူဆေးဟာ သြဂုတ်လက ဖြစ်ပွားခဲ့တဲ့ လုယက်မှုတစ်ခုမှာ လုံးထွေးသတ်ပုတ်စဉ် ကျကျန်ခဲ့တဲ့ ဦးထုပ်ကနေ DNA လိုက်ရင်း မိသွားခဲ့လို့ ပြီးခဲ့တဲ့လကမှ ထောင်ဒဏ် ၅ နှစ်ချမှတ်ခံထားရသူပါ။ CCTV မှတ်တမ်းတွေအရ လန်ဒန်မြောက်ပိုင်း ဘားနက်မှာရှိတဲ့ ဂါဘရီရယ်ရဲ့အိမ်ရှိ ကားဂိုဒေါင်ထဲ မာစီဒီးစ်ကား ဝင်လာပြီးနောက် အသက် ၂၃ နှစ်အရွယ်ရှိ ဂါဘရီရယ်က သူငယ်ချင်းဖြစ်သူ ရိုဒရီဂိုတာဗာရက်စ်နဲ့အတူ ထွက်လာတာဖြစ်ပါတယ်။

အဲဒီမှာ Mask တပ်ထားပြီး ခေါင်းစွပ်အင်္ကျီ ဝတ်ဆင်ထားတဲ့ လုယက်သူနှစ်ဦး ကားဂိုဒေါင်ထဲ ဝင်လာပြီး မူဆေးက ဘေ့စ်ဘောရိုက်တံနဲ့ ဂါဘရီရယ်ရဲ့မျက်နှာကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က လိုင်လီကနေ ပေါင် ၂၇သန်းနဲ့ ရောက်လာတဲ့ ဂါဘရီရယ်က လက်မြှောက်သလိုလုပ်ကာ သူ့ရဲ့လက်ပတ်နာရီနဲ့ ကားသော့တွေ ပေးလိုက်ပေမယ့် မူဆေးက ဘေ့စ်ဘောရိုက်တံနဲ့ တိုက်ခိုက်လာချိန်မှာ ဂါဘရီရယ်က လုံးထွေးသတ်ပုတ်ခဲ့လို့ လုယက်သူတွေလည်း ထွက်ပြေးသွားခဲ့ရပါတယ်။

#အာဆင်နယ် #မာဂယ်ဟေးစ်