ရှေ့သို့
Image

အာဆင်နယ်နဲ့ပွဲမှာလည်း ယူနိုက်တက်ကို ဆက်လက်ကိုင်တွယ်သွားမယ့် ကာရစ်

7:39 PM, 30 November

ယူနိုက်တက်တို့ ရန်းနစ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ပေမဲ့ မိုက်ကယ် ကာရစ်ဟာ ကြာသတေးည အာဆင်နယ်နဲ့ပွဲစဉ်မှာလည်း ယာယီနည်းပြ အဖြစ် ဆက်လက်တာဝန်ယူသွားမယ်လို့ သိရပါတယ်။

၆၃နှစ်အရွယ် ဂျာမန်သားဟာ ယမန်နေ့က ယူနိုက်တက် ယာယီနည်းပြအဖြစ် တရားဝင် ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ ဗီဇာ အခက်အခဲကြောင့် ရန်းနစ်ဟာ ယူနိုက်တက်ကို ကိုင်တွယ်နိုင်ဦးမှာ မဟုတ်သေးပါဘူး။

ယူနိုက်တက်ကလည်း ရန်းနစ် အသင်းနဲ့ အလုပ်မလုပ်ခင် ကာရစ်က ဆက်လက်တာဝန်ယူသွားမယ်လို့ ကြေညာခဲပါတယ်။

ယနေ့မှာတော့ ကာရစ်တစ်ယောက် ကြာသပတေးည အာဆင်နယ်နဲ့ပွဲကို ဆက်လက် ကိုင်တွယ်သွားမှာ ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

တစ်ဖက်မှာလည်း တနင်္ဂနွေည ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲကို ကိုင်တွယ်နိုင်ဖို့ ရန်းနစ်တစ်ယောက် အချိန်လုရဖွယ် ရှိနေပါတယ်။

ဗီဇာအခက်အခဲ ဆက်ရှိနေသေးရင်​ ရန်းနစ်အနေနဲ့ကတော့ ပွဲဆုံးဖြတ်ချက်တွေမှာ ဝင်ပြောခွင့်ရှိဦးမှာ မဟုတ်ပါဘူး။

ချဲလ်ဆီးကို အဝေးကွင်းမှာ ၁ဂိုးစီ သရေကစားနိုင်ခဲ့တဲ့ ပွဲမှာတော့ နည်းစနစ်ဒါရိုက်တာ ဖလက်ချာနဲ့ ရန်းနစ်တို့ အဆက်အသွယ် ရှိခဲ့တယ်လို့ ပရိသတ်တွေက ယုံကြည်နေကြပါတယ်။

ဒါပေမဲ့ ယူနိုက်တက်ကတော့ ဖလက်ချာဟာ ဗီဒီယိုကနေ သုံးသပ်သူတွေနဲ့ ဆွေးနွေးနေခြင်းသာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ရန်းနစ်ရဲ့ အလုပ်လုပ်ခွင့်ပါမစ်ဟာ ယမန်နေ့က ပိုမိုတင်းကျပ်လိုက်တဲ့ ကိုဗစ် စည်းကမ်းတွေကြောင့် ပိုကြံ့ကြာသွားစေခဲ့ပါတယ်။

အသင်းနဲ့ နီးစပ်သူက ပြောရာမှာ "ကျွန်တော်တို့ ရက်ဖ်ရဲ့ ဗီဇာအတွက် စည်းမျဉ်း စည်းကမ်းနဲ့အညီ ဖြစ်စေဖို့ တည်ငြိမ်စွာနဲ့ ဂရုတစိုက် ဆောက်ရွက်နေပါတယ်"

"လိုက်နာရမယ့် စည်းကမ်းလေးတွေက ရှိနေပြီး အမြန်ဆုံးဖြစ်အောင်တော့ လုပ်နေပါတယ်"လို့ ပြောခဲ့ပါတယ်။

ရန်းနစ် ရောက်လာပေမဲ့ ကာရစ်၊ မက်ကင်နာနဲ့ မိုက်ဖီလန်တို့ကတော့ အသင်း နည်းပြအဖွဲ့ဝင်တွေအဖြစ် ဆက်ရှိသွားဦးမှာ ဖြစ်ပါတယ်။

ဗီဒီယိုမှ သုံးသပ်သူ လားစ် ခရွန်နက်ကာက လိုကိုမိုးတစ်မှာ ဆက်ရှိမယ်လို့ ဆိုပေမဲ့ ရန်းနစ်ကတော့ သူ့အတွက် ဝန်ထမ်းအနည်းငယ်ကို ခေါ်ယူသွားနိုင်ဖို့ ရှိနေပါတယ်။

ယူနိုက်တက်အသင်းဟာ ရန်းနစ်ကို ခေါ်ယူရင် လျော်ကြေးမယူခဲ့တဲ့ လိုကိုမိုးတစ်ကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။


#မန်ချက်စတာယူနိုက်တက် #အာဆင်နယ် #ကာရစ်