ရှေ့သို့
Image

အာဆယ်နယ်မှာ နေရာပျောက်နေတဲ့ ပါဘလိုမာရီကို ဖလာမင်ဂိုပြန်ခေါ်လို

4:05 PM, 30 November

Copa Libertadores ဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့တဲ့ ဖလာမင်ဂိုအသင်းဟာ အာဆင်နယ်အသင်းရဲ့ အပယ်ခံတစ်ယောက်ဖြစ်နေတဲ့ သူတို့ရဲ့ခံစစ်မှူးဟောင်း ပါဘလိုမာရီကို လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အာဆင်နယ်ခံစစ်မှူးဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် နှစ်ပွဲသာ ကစားခွင့်ရထားပါသေးတယ်။

လာမယ့် ပွဲစဉ်တွေမှာ သူ့ရဲ့ပွဲကစားခွင့် အရေအတွက် မတိုးတက်လာဘူးဆိုရင်တော့ မာရီအနေနဲ့ အခြားရွေးချယ်စရာတွေကို စဉ်းစားလာဖွယ် ရှိပါတယ်။ မာရီရဲ့ အသင်းဟောင်း ဖလာမင်ဂိုကလည်း သူတို့ကစားသမားဟောင်းကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ကနဦးအငှားကနေမှ အပြီးသတ်အဖြစ်နဲ့သာ ခေါ်ယူသွားဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ဘရာဇီးကလပ်ဟာ ၂၈ နှစ်အရွယ် နောက်ခံလူရဲ့ လက်ရှိလစာပမာဏကိုတော့ တန်းပြီးပေးဖို့ မတတ်နိုင်ဘူး ဖြစ်နေပါတယ်။

မာရီဟာ လက်ရှိအာဆင်နယ်အသင်းမှာ တစ်ပတ်ကို ပေါင် ၈၅၀၀၀ ရရှိနေသူဖြစ်ပါတယ်။ တကယ်လို့ ရီယိုဒီဂျနေးရိုး အခြေစိုက်ကလပ်ကိုသာ ပြန်လည်ပြောင်းရွှေ့ဖြစ်ခဲ့မယ်ဆိုရင်တော့ ပြီးခဲ့တဲ့ စက်တင်ဘာလကမှ ဖလာမင်ဂိုကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ပြောင်းရွှေ့ခဲ့တဲ့ အာဆင်နယ်ခံစစ်မှူးဟောင်း ဒေးဗစ်လူးဝစ်နဲ့ ပြန်လည်တွဲကစားခွင့် ရရှိသွားဖွယ် ရှိပါတယ်။ မာရီကိုယ်တိုင်လည်း အာဆင်နယ်ကို ကနဦးအငှားနဲ့ ပြောင်းရွှေ့ခဲ့ပြီးမှ ၂၀၂၀ ဇန်နဝါရီမှာ လန်ဒန်ကလပ်ကို အပြီးပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်မှာ ၆ လသာ အငှားကစားခဲ့ပြီး ခြေစွမ်းပြနိုင်တာကြောင့် ပေါင် ၁၄ သန်းနဲ့ အာဆင်နယ်က အပြီးခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်ကစားသမား ဖြစ်လာပြီးနောက် ဒဏ်ရာပြဿနာတွေနဲ့သာ ရုန်းကန်နေခဲ့ရပြီး အာဆင်နယ်အတွက် ၂၂ ပွဲသာ ကစားပေးထားနိုင်ပါတယ်။ လက်ရှိအာဆင်နယ်ရဲ့ ခံစစ်မှာလည်း နွေရာသီတုန်းက ခေါ်ယူထားတဲ့ ဘန်ဝှိုက်နဲ့ ဂါဘရီရယ်မာဂယ်ဟေးတို့ ခြေစွမ်းပြနေတာကြောင့် မာရီက နည်းပြအာတီတာရဲ့ အပယ်ခံအလိုလို ဖြစ်သွားခဲ့ပါတယ်။

ဒီရာသီမှာ ပရီးမီးယားလိဂ်မှာ ကစားခွင့်ရတဲ့ ပွဲဆိုလို့ ရာသီအဖွင့် ၂ ပွဲဖြစ်တဲ့ ဘရန့်ဖို့ဒ်နဲ့ ချဲလ်ဆီးတို့နဲ့ပွဲတွေဖြစ်ပြီး နှစ်ပွဲစလုံးကို အရေးနိမ့်ခဲ့ပါတယ်။ နောက်ဆုံး ၈ ပွဲဆက်တိုက် နည်းပြအာတီတာရဲ့ လူစာရင်းထဲမှာ ပါဝင်ခြင်းမရှိခဲ့တဲ့ စပိန်သားရဲ့ သူ့ရဲ့အနာဂတ်အတွက် မကြာခင်ဆုံးဖြတ်သွားဖို့လည်း ရှိနေပါတယ်။

#အာတီတာ #အာဆင်နယ် #ဖလာမင်ဂို #ပါဘလိုမာရီ