ရှေ့သို့
Image

ချဲလ်ဆီးနဲ့ ပွဲမှာ ဖလက်ချာက ယာယီနည်းပြရက်နစ်နဲ့ ဖုန်းထဲကနေ ဆက်သွယ်နေခဲ့

2:16 PM, 29 November

မန်ချက်စတာယူနိုက်တက် နည်းစနစ်ဒါရိုက်တာ ဒါရင်းဖလက်ချာဟာ ချဲလ်ဆီးနဲ့ ပွဲစဉ်ရဲ့ ပွဲကြည့်စင်မှာ နားကြပ်တပ်ပြီး တစ်စုံတစ်ယောက်နဲ့ စကားပြောနေတာကို မြင်တွေ့ခဲ့ရပါတယ်။ ဖလက်ချာဟာ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေတဲ့ တူချယ်ရဲ့ ချဲလ်ဆီးအသင်းနဲ့ သရေပွဲစဉ်တစ်လျှောက်လုံး ကွင်းဘေးမှာ နားကြပ်တပ်ပြီး စကားပြောနေခဲ့ပါတယ်။

ဆိုရှယ်မီဒီယာအသုံးပြုသူအများစုကတော့ ကွင်းလယ်လူဟောင်းဟာ ကွင်းထဲကအခြေအနေတွေကို ယာယီနည်းပြဖြစ်လာမယ့် နည်းပြရာ့ဖ်ရက်နစ်ထံ အစီရင်ခံနေတာလို့ ယူဆနေကြပါတယ်။ ပရိသတ်တစ်ယောက်ကတော့ “ဖလက်ချာရဲ့ နားကြပ်ထဲမှာ သေချာပေါက် ရက်နစ်ရှိနေတယ်”လို့ ရေးခဲ့သလို နောက်တစ်ယောက်ကလည်း “ ဖလက်ချာ နားကြပ်တပ်ထားတာ တွေ့လိုက်တယ်။ ရက်နစ်က အသင်းကို အရမ်းကိုင်ချင်နေပုံပဲ၊ ဖုန်းထဲကနေတောင် ငါတို့ကို အုပ်ချုပ်နေတယ်”ဆိုပြီး ရေးခဲ့ပါတယ်။

တတိယတစ်ယောက်ကလည်း “ ဖလက်ချာနဲ့ ရက်နစ်တို့ ဖုန်းပြောနေတယ်ဆိုတာ ၁၀၀ ရာခိုင်နှုန်းသေချာတယ်၊ ကွင်းထဲမှာ pressing ကစားပြီး အရင်ထက်ပိုပြီး တိုက်စစ်ကစားရင် ထိရောက်နေတာကိုပဲ ကြည့်လိုက်။ သေချာပါတယ်၊ ဒါရင်းဖလက်ချာက ရက်နစ်နဲ့ တောက်လျှောက် စကားပြောနေတာပဲ ” ဆိုပြီး ပြောခဲ့ပါတယ်။ ဒါပေမယ့် တစ်ချို့ကလည်း ဒီပွဲမှာ ရက်နစ်ရဲ့ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ယုံကြည့်နေကြပါတယ်။ သူတို့ကတော့ “ဖလက်ချာနဲ့ ရက်နစ်တို့ စကားပြောနေတာ မဟုတ်ရင်ကောင်းမယ်။ တကယ်လို့ ဒီပွဲက နည်းစနစ်ပိုင်းတွေဟာ ရက်နစ်နဲ့ပက်သက်နေရင်တော့ ငါတို့တော့ တိုင်ပတ်ဦးမှာပဲ”ဆိုပြီး မှတ်ချက်ပေးခဲ့ပါတယ်။

နည်းပြရက်နစ်ဟာ နည်းပြအိုလီဂန်နာဆိုးလ်ရှားကို ထုတ်ပယ်ခဲ့ပြီး ယာယီနည်းပြအဖြစ်နဲ့ ရာသီကုန်အထိ အသင်းကို တာဝန်ယူသွားမှာပဲ ဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့လည်း မကြာမီ ဂျာမန်သားနည်းပြကို တရားဝင်ခန့်အပ်ကြောင်း ကြေညာသွားဖွယ် ရှိနေပါတယ်။ ၆၃ နှစ်အရွယ် နည်းပြကြီးဟာ လိုက်ပ်ဇစ်နဲ့အတူ အောင်မြင်မှု အများအပြား ရရှိခဲ့သူဖြစ်ပြီး တူချယ်၊ ဂျာဂန်ကလော့ပ်တို့ရဲ့ ဆရာလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ယူနိုက်တက်ကို နည်းပြဟောင်းဆိုးလ်ရှားရဲ့ လက်ထောက်မိုက်ကယ်ကာရစ်ကပဲ ဆက်လက်တာဝန်ယူနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ချဲလ်ဆီး #ရက်နစ် #ဖလက်ချာ