ရှေ့သို့
Image

မာရာဒိုနာကို ခမ်းနားစွာ ဂုဏ်ပြုပေးခြင်းနှင့်အတူ လာဇီယိုကို ဂိုးပြတ်နိုင်ပြီး အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်ထားဆဲနာပိုလီ

12:09 PM, 29 November

နာပိုလီအသင်းဟာ လာဇီယိုကို ၄ဂိုးပြတ် အနိုင်ယူကာ စီးရီးအေ အမှတ်ပေးဇယားထိပ်မှာ ဆက်လက်ရပ်တည်နေနိုင်ခဲ့သလို ပွဲမစမီ ဂန္တဝင်ကစားသမားကြီး မာရာဒိုနာကိုလည်း တခမ်းတနား ဂုဏ်ပြုကျင်းပပေးခဲ့ပါတယ်။

နာပိုလီအသင်းအတွက် ၁၉၈၉ ယူအီးအက်ဖ်အေဖလားနှင့် အမှတ်ပေးဖလား ၂ကြိမ် ရယူပေးခဲ့သူ မာရာဒိုနာအတွက် ကွင်းထဲမှာ ဂုဏ်ပြုရုပ်ထု ထားရှိတဲ့ ဖွင်ပွဲအား ဖီဖာဥက္ကဌ အင်ဖာတီနိုကိုယ်တိုင် တက်ရောက်ဂုဏ်ပြုခဲ့သည်။ ကျောနံပါတ်၁၀ပုံရိပ်ဟာလည်း တစ်ကွင်းလုံးပြည့်လျှံ တွေ့ရပြီး ပရိသတ်တွေဟာ မာရာဒိုနာရဲ့ နာမည်ကို သံပြိုင်ဟစ်ကြွေးခဲ့ကြပါတယ်။

ပီလီရဲ့ ဂုဏ်ပြုစကားသံတွေကို ကွင်းရဲ့ တီဗွီစကရင်မှာ ပြသထားပြီး ကစားသမားတွေဟာလည်း မာရာဒိုနာပုံရိပ်ပါတဲ့ အကျီကို ဝတ်ဆင်ကစားခဲ့ကြပါတယ်။ ပွဲကစားရာမှာလည်း နာပိုလီက စားသမားတွေဟာ မာရာဒိုနာဝင်ပူးသည့်အလား ခြေစွမ်းပြကစားခဲ့ကြပြီး ပထမပိုင်းမှာတင် ပြိုင်ဘက်အသင်းတစ်သင်းဖြစ်တဲ့ လာဇီယိုအသင်းကို ၃ဂိုးပြတ် ဦးဆောင်ခဲ့ပါတယ်။

ပွဲအစ ၇မိနစ်မှာတင် ဇီလန်စကီးက မာတန်စ်ကို နောက်ခံကစားသမားတွေ လိုက်လံဖျက်ထုတ်တဲ့အချိန် ရလာတဲ့ ဘောလုံးကို စည်းအတွင်းမှာတင် အပြင်းကန်သွင်းပြီး အဖွင့်ဂိုးရယူခဲ့ပါတယ်။ ၃မိနစ် အကြာမှာလည်း မာတန်စ်က စည်းထိပ်ကနေ ပြေးဆွဲကာ လာဇီယိုရဲ့ ပါထရစ်ကို တစ်ချက်ခေါက်ကာ လှလှပပ ဂိုးသမားပီပီရိန်နာရဲ့ ဘယ်ဘက်ထောင့်ထဲသို့ သေသပ်စွာသွင်းယူခဲ့သည်။

အဲဒီနောက် လာဇီယိုအသင်းက ချေပဂိုးရဖို့ကြိုးစားမှုတွေ ရှိပြီး အယ်ဘာတိုရဲ့ စည်းထိပ်က ကန်ချက် ဂိုးသမားပုတ်ထုတ်ခဲ့သလို နောက်ခံလူ အဆာဘီရဲ့ ခေါင်းတိုက်ချက်ကလည်း တိုင်ထိထွက်ခဲ့ပါတယ်။ ပွဲချိန် ၂၉မိနစ်မှာတော့ အနိုင်သေချာသွားစေမယ့် တတိယဂိုးအား မာတန်စ်ကဘဲ စည်းထိပ်အပြင်ကနေ ဝေ့ဝိုက်ကာ လှပတဲ့ ကစ်ချက်ဖြင့် သွင်းယူခဲ့ပါတယ်။ မာတန်စ်အတွက် အဆိုပါဂိုးဟာ နာပိုလီအတွက် ၁၃၉ဂိုးမြောက်ဖြစ်ပြီး စံချိန်တစ်ခု ရယူခဲ့ပါတယ်။

မာတန်စ်ရဲ့ ခြေစွမ်းပြမှုတွေက အဓိကတိုက်စစ်မှူးတစ်ဦး ဖြစ်သူ အိုစီမန် မျက်နှာဒဏ်ရာကြောင့်် ၃လခန့် လွဲချော်ရမယ့်အချိန်မှာ  နည်းပြ စပယ်လက်တီအတွက် စိတ်ကျေနပ်စရာဖြစ်ပါတယ်။ စတုတ္ထမြောက်ပွဲသိမ်းဂိုးကို နာပိုလီကွင်းလယ်လူ ဖေဘီယန်ရူဇ်က ၈၅မိနစ်မှာ စည်းထိပ်ကနေဘဲ ထောင့်ကျဉ်းထဲ လှမ်းကန်ထည့်ခဲ့တာဖြစ်ပါတယ်။ နာပိုလီရသွားတဲ့ ၄ဂိုးစလုံးဟာ တကယ့်ကို အဆင်မြင့်သွင်းဂိုးတွေ ဖြစ်ခဲ့ပါတယ်။

တဖက်မှာတော့ မီလန်ဟာ ဆန်စီရိုကွင်းမှာဘဲ ဆက်ဆူအိုလိုကို ၃-၁ဂိုးဖြင့် ရှုံးခဲ့ပါတယ်။ ရိုမာနိုဂလီက ၂၁မိနစ်မှာ ခေါင်းတိုက်ဂိုး သွင်းယူပေးခဲ့ပေမယ့် ဆကာမာကာက လှပစွာ ချေပဂိုး ပြန်သွင်းခဲ့ပြီး ခါဂျာရဲ့ OG ဂိုး၊ ဘာရာဒီရဲ့ တစ်ကိုယ်တော် သွင်းဂိုးတွေကြောင့် ဂိုးပြတ် ရှုံးခဲ့ပါတယ်။ ၇၇မိနစ်မှာ ဒီဖရယ်ကို ဖျက်ထုတ်မှုဖြင့် ကွင်းလယ်လူ ရိုမာနိုဂလီ တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံရတာကြောင့် တစ်ယောက်လျော့ဖြင့် ဘယ်လိုမှ ဂိုးဆက်မသွင်းနိုင်တော့ဘဲ အိမ်ကွင်းမှာ ပထမဆုံးရှုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်ကလည်း ဖီအိုရင်တီးနားကို ၄-၃ဂိုးဖြင့် ရှုံးခဲ့ပြီး ယခုတစ်ပတ်မှာလည်း အိမ်ကွင်းမှာ ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ရတာကြောင့် မီလန်ဟာ တတိယနေရာက အင်တာရဲ့ တစ်မှတ်အကွာဖြင့် ဖိအားပေးမှု ခံနေရပြီ ဖြစ်ပါတယ်။ စတုတ္ထနေရာမှာ ဂျူဗီကို နိုင်ခဲ့တဲ့ အတ္တလန္တာက ရှိနေပါတယ်။ ရိုးမားနဲ့တိုရီနိုပွဲမှာ တိုက်စစ်မှူး အေဘရာဟမ်ရဲ့ ၃၂မိနစ်သွင်းဂိုးဖြင့် ၁-ဝဂိုးဖြင့် အနိုင်ရကာ အဆင့်၅နေရာမှာ ရှိနေပါတယ်။

အစောပိုင်းပွဲစဉ်တွေမှာ နည်းပြသစ် ရှက်ချန်ကိုဦးဆောင်တဲ့ ဂျီနိုအာက အူဒီးနီးစ်နဲ့ဂိုးမရှိ သရေကျခဲ့ပါတယ်

#စီးရီးအေ #မာရာဒိုနာ #နာပိုလီ #လာဇီယို