ရှေ့သို့
Image

အသင်းကြီးမကိုင်ဖူးတဲ့ ရက်နစ်ကိုခန့်ဖို့ဆုံးဖြတ်ခဲ့တဲ့ ယူနိုက်တက်ကို ပေါလ်မာဆွန်မေးခွန်းထုတ်

2:40 PM, 28 November

ဘောလုံးဝေဖန်သူ ပေါလ်မာဆွန်ကတော့ ရာ့ဖ်ရက်နစ်ကို ရာသီကုန်ထိ ယာယီနည်းပြအဖြစ် ခန့်အပ်လိုက်တဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ ဆုံးဖြတ်ချက်အပေါ် မေးခွန်းထုတ်လိုက်ပါတယ်။ ယူနိုက်တက်ဟာ နည်းပြအိုလီဂန်နာဆိုးလ်ရှားကို ထုတ်ပယ်ခဲ့ပြီးနောက် အသက် ၆၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျာမန်ဝါရင့်နည်းပြကြီးကို ယာယီနည်းပြအဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ရက်နစ်ဟာ Gegenpressing ဆိုတဲ့ ဘောလုံးစတိုင်တစ်ခုကို ဖန်တီးခဲ့သူဖြစ်ပြီး သူ့ရဲ့နည်းပြဘဝမှာ ဆုဖလား ၇ လုံးရယူခဲ့ဖူးပါတယ်။ ဒါပေမယ့် Sky Sports ရဲ့ သုံးသပ်သူ မာဆွန်ကတော့ ရက်တစ်အနေနဲ့ ယူနိုက်တက်မှာ ပိုဆိုးတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ မာဆွန်က “ ဘာလို့ ယာယီနည်းပြလိုမှာလဲ။ ကျွန်တော့်အမြင်အရတော့ ယူနိုက်တက်က သူတို့ဘာလုပ်နေတယ်ဆိုတာကို သေချာမသိတဲ့ပုံပဲ။

ဝက်ဖို့ဒ်နဲ့ပွဲမှာသာ နောက်ပိုင်းဂိုး ၂ ဂိုးထပ်မပေးလိုက်ရရင် အိုလီလည်း ယူနိုက်တက်မှာ ဆက်ရှိနေနိုင်တယ်။ သူတို့မှာ ဘာအစီအစဉ်မှ မရှိပါဘူး။ ဝက်ဖို့ဒ်နဲ့ ပွဲရလဒ်ကြောင့်သာ ကမန်းကတမ်း ဆုံးဖြတ်ချက်ချလိုက်ရတဲ့ အခြေအနေကြီးပါ။ ၂-၁ လောက်သာဆိုရင် တနင်္ဂနွေနေ့ပွဲလည်း အိုလီပါပဲ၊ သူတို့ အိုလီကိုတတ်နိုင်သမျှ အသင်းမှာ ဆက်ထိန်းထားချင်သေးတာပါ။ အခုတော့ နည်းပြတစ်ယောက် ရောက်လာပြီ။

ကျွန်တော်ကြားတာတော့ သူကအရမ်းတော်တယ်တဲ့ ဒါပေမယ့် သူက အင်္ဂလန်မှာ တစ်ခါမှနည်းပြ မလုပ်ဖူးဘူး။ ပြီးတော့ ကမ္ဘာ့အကောင်းဆုံး အသင်းတစ်သင်းကိုလည်း သူမကိုင်ဖူးဘူး။ ဘာလို့လဲ၊ သူ့နေရာမှာ တခြားနည်းပြတွေ ခေါ်လို့ရရဲ့သားနဲ့ ဘာလို့သူမှလဲ။ ကျွန်တော့် ရက်နစ်အကြောင်း ကောင်းတာတွေလည်း အများကြီး ကြားပါတယ်။ လူတွေပြောတာ သူက တိုက်စစ်အားသန်တယ်တဲ့၊ ပြီးတော့ အလုပ်အရမ်းကြိုးစားပြီး အသင်းငယ်တွေကိုတောင် ချန်ပီယံလမ်းကြောင်းပေါ် ရောက်အောင်လုပ်ပေးနိုင်တဲ့သူလို့ သိရတယ်။ ဒါပေမယ့် ရှော်လ်ကေးတို့ ဟော့ဖန်ဟိမ်းတို့ကို ကိုင်ရတာနဲ့ ယူနိုက်တက်ကို ကိုင်ရတာ တော်တော်လေးကွာခြား ပါလိမ့်မယ်။

စူပါစတားတွေအပြည့်နဲ့ ကမ္ဘာ့အကောင်းဆုံး အသင်းတစ်သင်းကို တာဝန်ယူရတော့မှာပါ၊ ဒီကစားသမားတွေကို ဘယ်လိုထိန်းချုပ်မလဲ။ ရှော်လ်ကေးနဲ့ ဟော့ဖန်ဟိမ်းမှာတော့ အဆင်ပြေမှာတော့ သူကအဲ့မှာဘုရင်ပဲလေ။ ဒီလူတွေ( ယူနိုက်တက်ကစားသမားတွေ ) က ပေါ့သေးသေး ကောင်တွေမဟုတ်ဘူးနော်၊ သူတို့ထိန်းချုပ်နိုင်လိမ့်မယ်လို့ လျှော့မတွက်ထားသင့်ဘူး။ သေချာပေါက် ပိုခက်လိမ့်မယ်၊ လူတွေတွေးထားတာထက်ကို ယူနိုက်တက်ကို တာဝန်ယူရတာက ပိုခက်တယ်။ ကောင်းရင်လည်း ကောင်းမှာပေါ့လေ၊ ဒါက ယူနိုက်တက်ရဲ့ ကံပဲ၊ ကျွန်တော်တို့ ဘာမှသေချာပြောလို့ မရသေးဘူး ” ဆိုပြီး ဝေဖန်ခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဆိုးလ်ရှား #ရက်နစ် #ပေါလ်မာဆွန်