ရှေ့သို့
Image

ဗန်ဒီဘိခ်ကို နေရာပြောင်းကစားခိုင်းဖို့ စီစဉ်ထားတဲ့ မိုက်ကယ်ကာရစ်

12:30 PM, 28 November

လက်ရှိယူနိုက်တက် ယာယီနည်းပြ မိုက်ကယ်ကာရစ်ကတော့ ဒွန်နီဗန်ဒီဘိခ်ကို အသင်းမှာ နေရာသစ်တစ်ခုသို့ ပြောင်းလဲ ကစားခိုင်းဖို့ စီစဉ်နေပါတယ်။ နယ်သာလန်သားဟာ ကာရစ်ရဲ့ ပထမဆုံး ပွဲစဉ်ဖြစ်တဲ့ ဗီလာရီးရဲလ်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်ရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့် ရရှိထားပါတယ်။

ဒါဟာ ဗန်ဒီဘိခ်ရဲ့  ဒီရာသီပြိုင်ပွဲစုံ ဒုတိယအကြိမ် ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်ရရှိခဲ့တာဖြစ်ပြီး ယူနိုက်တက်မှာ ကစားခဲ့တဲ့ တစ်လျှောက်လုံး အရန်ကစားသမား အဖြစ်သာ ရှိနေခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကာရစ်ကတော့ ၂၄ နှစ်သားဟာ နေရာစုံမှာ ကစားနိုင်သူဖြစ်ပြီး ယူနိုက်တက်ရဲ့ false nine နေရာမှာတောင် ကစားနိုင်သူဖြစ်တယ်လို့ ယုံကြည်ထားပါတယ်။

ကာရစ်က “ ဒွန်နီက ဘယ်နေရာနဲ့ အသင့်တော်ဆုံးလဲဆိုတာ ကျွန်တော်တို့ တွေ့ထားပေမယ့် သူက နေရာပြောင်းကစားရလဲ အေးဆေးပါပဲ၊ သူကစားနိုင်တဲ့ နေရာက ၂ နေရာ ၃ နေရာလောက် ရှိပါတယ်။ တော့တင်ဟမ်ကို အရေးနိမ့်ခဲ့တဲ့ အေဂျက်စ်အသင်းရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာတောင် false nine နေရာကို သူကစားခဲ့ဖူးပါတယ်။ သူ့အတွက် စိတ်ကူးထားတွေ ရှိပါတယ် ဒါပေမယ့် ဘယ်နေရာမှာမဆို ကစားနိုင်တာကတော့ သူ့ဆီက ရနိုင်တဲ့ အကောင်းဆုံးအရည်အသွေး တစ်ခုပါပဲ ” ဆိုပြီး ချဲလ်ဆီးနဲ့ပွဲအတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဗန်ဒီဘိခ်ဟာ နည်းပြဟောင်း အိုလီဂန်နာဆိုးလ်ရှားရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဝက်ဖို့ဒ်နဲ့ပွဲမှာလည်း လူစားဝင်ကစားပြီး ခြေစွမ်းပြသနိုင်ခဲ့ပါသေးတယ်။ ၄-၁ နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပေမယ့်လည်း လူစားဝင်လာတဲ့ ဗန်ဒီဘိခ်က ယူနိုက်တက်အတွက် သိက္ခာဆယ် ချေပဂိုးတစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ မူလက ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဗန်ဒီဘိခ်ကို ထွက်ခွာခွင့် ပေးသွားမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် နည်းပြအပြောင်းအလဲ  ဖြစ်သွားပြီးနောက်မှာ အပြောင်းအရွှေ့ ကိစ္စအားလုံး ဆိုင်းငံ့သွားဖွယ် ရှိနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဆိုးလ်ရှား #ဗန်ဒီဘိခ် #ကာရစ်