ရှေ့သို့
Image

ယခုနှစ်ရာသီ ဂျူဗင်တပ်စ်က ချန်ပီယံလိဂ်ဝင်ခွင့်အတွက်သာ ရည်မှန်းထားကြောင်း အယ်လီဂရီဆို

10:33 AM, 28 November

နည်းပြ မက်စ်ဆီမီလာနို အယ်လီဂရီက ဂျူဗင်တပ်စ်ဟာ ယခုနှစ်ရာသီ စကူဒက်တိုဆုဖလားထက် ချန်ပီယံလိဂ်ဝင်ခွင့်ကိုသာ အာရုံစိုက်ထားကြောင်း ယမန်နေ့ည အတ္တလန္တာကို ရှုံးခဲ့ပြီးနောက် ပြောခဲ့ပါတယ်။ အတ္တလန္တာဟာ တူရင်မှာ ဂျူဗင်တပ်စ်ကို မနိုင်တာက နှစ်၃၀ကျော်ပြီဖြစ်ပေမဲ့ ယမန်နေ့ညကတော့ နိုင်ပွဲ ရယူသွားနိုင်ခဲ့ပါတယ်။

အလိုင်းယန့်ဇ်ကွင်းထဲ ရင်ဆိုင်ခဲ့ကြချိန် ၂သင်းစလုံး ကစားပုံ ကြမ်းတမ်းခဲ့ကြပြီး စိတ်ဝင်စားစရာ ပွဲတစ်ပွဲဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ကြခြင်းတော့ မရှိပါဘူး။ ဂျူဗင်တပ်စ်ဟာ အဆင့်၄နေရာက အတ္တလန္တာနဲ့ ပွဲမကန်ခင် ၄မှတ် ကွာနေပြီး ယခုရှုံးသွားတာကြောင့် တော်တော်လေး အမှတ်ပြတ်သွားပြီလို့ ဆိုရမှာပါ။

အတ္တလန္တာ ရသွားတဲ့ဂိုးကလည်း မိုရာတာ လေးတိလေးကန် ကစားနေရာကနေ ဂျီမစ်ဆီ ဖြတ်လုသွားပြီး ပေးရာမှာ ဇာပါတာက ဂိုးသမားနဲ့ ၁ယောက်ချင်းအနေအထားကနေ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ကလည်း ချေပဂိုးရဖို့ အခွင့်အရေးတွေ အဖြစ် ရာဘီယော့နဲ့ ဒိုင်ဘားလားတို့ အခွင့်အရေးတွေ ရခဲ့ပေမဲ့ ဂိုးသမား မူဆိုကာကွယ်နိုင်ခဲ့သလို နောက်၁လုံးကလည်း တိုင်ထိထွက်ခဲ့တာကြောင့် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အဆင့်၄နေရာနဲ့ ၇မှတ်ကွာသွားတဲ့ အခြေအနေမှာ အယ်လီဂရီက ဂျူဗင်တပ်စ်ရဲ့ ယခုနှစ်ရာသီ ရည်မှန်းချက်က အဆင့်၄အတွင်း ဝင်ဖို့သာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အယ်လီဂရီက "ဒီနေ့ စွမ်းဆောင်ရည်က လာဇီယို၊ ဖီအိုရင်တီးနား၊ အေစီမီလန်တို့နဲ့ ပွဲတုန်းကလိုပါပဲ။ ကျွန်တော်တို့ ဖန်တီးနိုင်ခဲ့တဲ့ အခွင့်အရေးကို အသုံးမချနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ အမှားကနေ ရခဲ့တဲ့ ၁လုံးတည်းသော ကန်ချက်ကနေ အတ္တလန္တာက ဂိုးသွင်းသွားပြီး မနေ့က ပြောသလို ဂိုးသွင်းနိုင်မှာ နိုင်ပွဲရမှာပါ"

"ပေါက်ကွဲမှုတွေ ရှိခဲ့ပြီး ကစားသမားတွေက လောကြီးကြပေမဲ့ ကျွန်တော်တို့ စွမ်းဆောင်ရည်ကို တည်ဆောက်ပြီး ယုံကြည်မှု ပြန်ရဖို့ ပွဲတွေကို အနိုင်ရအောင် ကြိုးစားရပါမယ်" "ဒီအသင်းက အသင်းကောင်း၁သင်းဖြစ်ပြီး ကျွန်တော်တို့ ဂိုးသွင်းဖို့ ရုန်းကန်နေရပေမဲ့ လူတွေကတော့ ဒီအသင်းနဲ့ စကူဒက်တိုတောင် ရနိုင်တယ်လို့ ပြောကြပြီး အဲ့ဒါက လုံး၀မမှန်ပါဘူး"

"ကျွန်တော်တို့ ဒီမှာ ထိပ်သီး၄သင်းနေရာကို စိန်ခေါ်နိုင်ဖို့ ဆော့နေတာပါ။ ဒီစွမ်းဆောင်ရည်အတွက် ကစားသမားတွေကို ကျွန်တော် စောဒကမတက်နိုင်ပဲ သူတို့ အားထုတ်မှုအတွက် ဂုဏ်ပြုရမှာ ဖြစ်ပြီး ကျန်ကတော့ ခင်ဗျားတို့လို ဝေဖန်တဲ့သူတွေအတွက်ပါပဲ"လို့ ဆိုခဲ့ပါတယ်။

#မိုရာတာ #ဂျူဗင်တပ်စ် #ဖီအိုရင်တီးနား #အယ်လီဂရီ