ရှေ့သို့
Image

ရက်နစ်ကို ခန့်လိုက်တဲ့ပုံစံအပေါ် ယူနိုက်တက်ကစားသမား တစ်ချို့ဘဝမကျဖြစ်နေ

5:53 PM, 27 November

မန်ချက်စတာယူနိုက်တက် ကစားသမားတစ်ချို့ဟာ နည်းပြရာ့ဖ်ရက်နစ်ကို ခန့်အပ်လိုက်တဲ့ နည်းလမ်းအပေါ် ဘဝင်မကျဖြစ်နေကြတယ်လို့ သိရပါတယ်။ အသက် ၆၃ နှစ်အရွယ် နည်းပြကြီးဟာ ယူနိုက်တက်ကို ရာသီကုန်ထိ ယာယီနည်းပြအဖြစ် ကိုင်တွယ်သွားမှာဖြစ်ပါတယ်။ ဒေးလီးစတားကတော့ ယူနိုက်တက်ကစားသမား တစ်ချို့ဟာ သူတို့ကို အကြောင်းမကြားပဲ အသင်းရဲ့ ဆုံးဖြတ်ချက်တစ်ခုတည်းနဲ့ ခုလိုလုပ်လိုက်တဲ့ အပေါ်မှာ စိတ်တိုင်းမကျ ဖြစ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ 

ယူနိုက်တက်ဟာ ရက်နစ်ကိုအရေးပေါ် ခန့်အပ်လိုက်တဲ့အကြောင်းကို ကစားသမားတွေကို အသိပေးပြီးမှ လုပ်ရမယ့်အစား အသင်းတာဝန်ရှိသူတွေရဲ့ သဘောအတိုင်းသာ ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။ ယူနိုက်တက် လူကြီးတစ်ဦးတစ်ယောက်က တရားဝင်အသိပေးတာမျိုးမရှိသလို ယူနိုက်တက်ရဲ့ Whatsapp စကားပြောခန်းမှာတောင် ဘယ်သူကမှ မပြောခဲ့ပဲ သတင်းတက်လာမှသာ ကစားသမားတွေ သိခဲ့ကြတယ်လို့ သိရပါတယ်။ 

အသင်းအနေနဲ့ လုပ်စာရာရှိတာကို မြန်မြန်ဆန်ဆန် လုပ်ရမယ်ဆိုပေမယ့် ဒီအချိန်မှာတော့ ဘယ်သူက နည်းပြသစ်ဖြစ်လာမလဲဆိုတာကို ကစားသမားတွေလည်း သိထားသင့်တယ်လို့ ယူဆနေကြပါတယ်။ ယာယီနည်းပြရာထူးအတွက် နည်းပြ ၅ ယောက် ရှိတဲ့အထဲကမှ လိုကိုမိုတစ်အသင်းရဲ့ အားကစားဒါရိုက်တာ ရက်နစ်ကို ယူနိုက်တက်က ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ရက်နစ်ဟာ တစ်နှစ်ကို ပေါင် ၃.၈ သန်းရနေတဲ့ အလုပ်ကနေတောင် ထွက်ပြီး ယူနိုက်တက်ယာယီနည်းပြ တာဝန်ကိုယူခဲ့တာကြောင့် ယူနိုက်တက်အနေနဲ့ လစာကိစ္စကို စိုးရိမ်စရာ မရှိပါဘူး။ 

ရက်နစ်ဟာ လိုက်ပ်ဇစ်၊ ဟော့ဖန်ဟိမ်းနဲ့ ရှော်ကေးတို့ကို ကိုင်ခဲ့ဖူးပြီး ယူနိုက်တက်နည်းပြ ဖြစ်လာဖို့ ယူကေအလုပ်ပါမစ် ရဖို့ပဲ လိုပါတော့တယ်။  အဲ့ဒါကြောင့် မနက်ဖြန်မှာ ကစားရမယ့် ချဲလ်ဆီးနဲ့ပွဲကိုလည်း လက်ရှိယာယီနည်းပြ မိုက်ကယ်ကာရစ်ကပဲ ဆက်လက်တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ ရက်နစ်ရဲ့ ကစားဟန်ကိုတော့ သူနဲ့လက်တွဲခဲ့ဖူးတဲ့ လက်ရှိနာမည်ကျော် နည်းပြတွေဖြစ်တဲ့ သောမတ်တူချယ်၊ ဂျူလီယန်နာဂျယ်မန်း၊ ဂျာဂန်ကလော့ပ်တို့ဆီမှာ မြင်တွေ့နိုင်ပါတယ်။ 

#မန်ချက်စတာယူနိုက်တက် #ရက်နစ်