ရှေ့သို့
Image

ချဲလ်ဆီးနဲ့ပွဲကို ကစားသမား ၇ ယောက်လောက် လွဲချော်ဖွယ်ရှိတဲ့ ယူနိုက်တက်

3:27 PM, 27 November

မန်ချက်စတာယူနိုက်တက် အသင်းဟာ တနင်္ဂနွေညမှာ ရင်ဆိုင်ရမယ့် ချဲလ်ဆီးအသင်းနဲ့ အဝေးကွင်းပွဲစဉ်ကို ပထမအသင်း ကစားသမား ၇ ယောက်လောက် မပါပဲ ရင်ဆိုင်သွားရဖို့ ရှိနေပါတယ်။ နောက်ဆုံးလိဂ်ပွဲစဉ် ၇ ပွဲမှာ ၅ ပွဲ ရှုံးနိမ့်ခဲ့ပြီးနောက် ယူနိုက်တက်ဟာ နည်းပြအိုလီဂန်နာဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။

ကြားရက်မှာ ကစားခဲ့တဲ့ ဗီလာရီးရဲလ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ မိုက်ကယ်ကာရစ်က ယာယီနည်းပြအဖြစ် တာဝန်ယူပြီး နိုင်ပွဲပြန်လည်ရရှိအောင် စွမ်းဆောင်ထားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဗီလာရီးရဲလ်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဂျာမန်သား ဝါရင့်နည်းပြကြီး ရာ့ဖ်ရက်နစ်ကို ယူနိုက်တက်ရဲ့ ယာယီနည်းပြအဖြစ် ခန့်အပ်လိုက်ပြီဖြစ်ပေမယ့် အလုပ်ပါမစ်ကိစ္စကြောင့် ဒီတစ်ပတ်ပွဲစဉ်ကိုတော့ ကိုင်တွယ်နိုင်ဦးမှာ မဟုတ်ပါဘူး။ 

အဲ့ဒါကြောင့် ကာရစ်ကပဲ နည်းပြဘ၀ ပရီးမီးယားလိဂ် ပွဲဦးထွက်ကို တာဝန်ယူခွင့်ရရှိခဲ့ပေမယ့် အသက် ၄၀ အရွယ် နည်းပြရဲ့ လူစာရင်းထဲမှာ ဒဏ်ရာရကစားသမားတွေ များနေခဲ့ပါတယ်။ ပေါ့ဂ်ဘာ (ပေါင်ဒဏ်ရာ)၊ ဗာရာနီ (တံကောက်ကြောဒဏ်ရာ) တို့ကတော့ လန်ဒန်ခရီးစဉ်ကို သေချာပေါက်လွဲချော်ကြမှာပဲ ဖြစ်ပါတယ်။ ကိုဗစ်ပိုးတွေ့ရှိခဲ့တဲ့ ဂရင်းဝုဒ်နဲ့ ပြီးခဲ့တဲ့တစ်ပတ်ပွဲစဉ်မှာ အနီကတ်ထိခဲ့တဲ့ မက်ဂွာရီတို့လည်း လွဲချော်ဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အရွတ်ဒဏ်ရာကြောင့် ဆေးကုသမှုခံယူနေရတဲ့ ကာဗာနီလည်း ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။ 

ပြီးခဲ့တဲ့ပိတ်ရက်က ဝက်ဖို့ဒ်ကို ၄-၁ နဲ့ ရှုံးတဲ့ပွဲမှာ ဦးခေါင်းဒဏ်ရာ ရခဲ့တဲ့ လုခ်ရှောကလည်း ဒီပွဲအတွက် ကြံ့ခိုင်မှု မပြည့်ဝသေးတဲ့ အနေအထားရှိနေကြောင့် ကာရစ်က အတည်ပြုခဲ့ပါတယ်။ အင်္ဂါနေ့က ဗီလာရီးရဲလ်နဲ့ပွဲမှာ ခြေချင်းဝတ်လည်သွားတဲ့ ဖရက်ဒ်ကလည်း ဒီပွဲမှာ ဝင်ကစားနိုင်ဖို့ မသေချာသေးပါဘူး။ ကာရစ်က “ တစ်ယောက် နှစ်ယောက်ကတော့ စောင့်ကြည့်နေတဲ့ အခြေအနေပါ။ လုခ်ဆိုရင် ခေါင်းမှာထိုးထားတာကြောင့် သူပါဝင်နိုင်ဖို့ မဖြစ်နိုင်သေးပါဘူး။ ဖရက်ဒ်လည်း ခြေချင်းဝတ်ထိထားပါတယ်။ 

ဒါပေမယ့် သူပွဲကိုအပြီးထိ ကစားသွားတယ်၊ အံ့သြဖို့ကောင်းပါတယ်။ ဖရက်ဒ်က ကျွန်တော်တို့နိုင်ပွဲရဲ့ အရေးကြီးတဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ပါတယ်။ သူကစားနိုင်မလားဆိုတာလည်း စောင့်ကြည့်ရမှာပါပဲ ” လို့ ပြောခဲ့ပါတယ်။ ယူနိုက်တက်ဟာ ချဲလ်ဆီးနဲ့ ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံးလိဂ် ၇ ပွဲကို ရှုံးပွဲမရှိအောင် ကစားထားပေမယ့် ၃ ပွဲထိ နိုင်ပွဲရရှိထားပါတယ်။ နောက်ဆုံး ၂ ကြိမ်တွေ့ဆုံမှုကတော့ ဂိုးမရှိသရေရလဒ်တွေချည့် ထွက်ထားပေမယ့် တနင်္ဂနွေညပွဲမှာတော့ နှစ်သင်းစလုံး နိုင်ပွဲရဖို့အတွက်ပဲ ဦးတည်ကစားသွားဖွယ် ရှိနေပါတယ်။ 

ယူနိုက်တက်အနေနဲ့ကတော့ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာကို ရောက်ဖို့အတွက် ၃ မှတ်ခန့်လိုအပ်နေပါတယ်။ လက်ရှိအဆင့် ၈ နေရာမှာ ရပ်တည်နေပြီး အဆင့် ၄ နေရာနဲ့ ၆ မှတ်ကွာဟနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖရက္ဒ္ #ကာရစ်