ရှေ့သို့
Image

အကောင်းဆုံး ပရီးမီးယားလိဂ်တိုက်စစ်မှူး ၄ဦးစာရင်းမှာ တောရက်စ်ကို ချန်လှပ်ခဲ့တဲ့ ဗီဒစ်

2:40 PM, 27 November

ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း နီမန်ဗျာဗီဒစ်ဟာ သူ့ရဲ့ကစားသမားဘဝတစ်လျှောက် ရင်ဆိုင်ခဲ့ဖူးတဲ့ ပရီးမီးယားလိဂ်တိုက်စစ်မှူးတွေအနက် အကောင်းဆုံး ၄ဦးအထိ ရွေးထုတ်ခဲ့ရာ စိတ်ဝင်စားစရာကောင်းတာက လီဗာပူးနဲ့ ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဖာနန်ဒိုတောရက်စ် ပါဝင်မလာတာကို တွေ့ရပါတယ်။

စပိန်နိုင်ငံသား တောရက်စ်ဟာ လီဗာပူးနဲ့ ယူနိုက်တက်တို့ တွေ့ဆုံတဲ့ပွဲတွေမှာ ဗီဒစ်ကို ကြိမ်ဖန်များစွာ လှည့်စားကျော်ဖြတ်နိုင်ခဲ့ပေမယ့် ဗီဒစ်ကတော့ သူရင်ဆိုင်ရအခက်ဆုံး တိုက်စစ်မှူးတွေစာရင်းမှာ တောရက်စ်ကို မရွေးချယ်ခဲ့ဘဲ သူ့ရဲ့အသင်းဖော်ဟောင်း ပီတာခရော့ချ်၊ ဒရော့ဘာ၊ အဂူရိုနဲ့ လူးဝစ်ဆွာရက်ဇ်တို့ကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီမှာ ခရော့ချ်ကို ရွေးချယ်ခဲ့တာက အားလုံးကို အံ့အားသင့်စေနိုင်ပါတယ်။

''ကျွန်တော့်ရဲ့ပထမဆုံးအတွေ့အကြုံက ပီတာခရော့ချ်ပါ။ အရင်က ၂ မီတာလောက်မြင့်တဲ့ပြိုင်ဘက်နဲ့ တစ်ခါမှရင်မဆိုင်ခဲ့ဖူးဘူးလေ။ အန်ဖီးလ်မှာ ဖလားပွဲအဖြစ် ကစားရတော့ ခရော့ချ်ကို တွေ့လိုက်ရချိန် ဒီဘဲကြီးနဲ့ဆို ငါ ဘာလုပ်နိုင်မလဲလို့ တွေးမိပါတယ်။ ကျွန်တော်ဟာ အဲဒီပွဲမှာ ဝက်စ်ဘရောင်းနဲ့အတူ တွဲကစားခဲ့ပြီး ပွဲအပြီးမှာတော့ ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပါတယ်''လို့ ဗီဒစ်က ပြောပါတယ်။

၂၀၀၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဗီဒစ်ကို ပါးရိုက်ခဲ့မှုအတွက် ထုတ်ပယ်ခံခဲ့ရတဲ့ ဒရော့ဘာနဲ့ပတ်သက်လို့ "နောက်ခံလူတွေရဲ့ဦးနှောက်ကို ဖောက်စားနိုင်တဲ့ သိပ်ကိုအသိပညာရှိတဲ့ ကစားသမားဖြစ်ပါတယ်''လို့ ဗီဒစ်က ပြောပါတယ်။

ဗီဒစ်ဟာ ယူနိုက်တက်ကစားသမားဘ၀ နောက်ဆုံးနှစ်တွေမှာ အဂူရိုနဲ့ ရင်ဆိုင်ခဲ့ရပြီး ၂၀၁၃ ခုနှစ်က အဂူရိုနဲ့ နီဂရီဒိုတို့အတွဲက ဗီဒစ်ရဲ့ယူနိုက်တက်အသင်းကို ၄-၁ ဂိုးနဲ့အနိုင်ယူခဲ့ပါတယ်။ ''မိုယက်စ်လက်ထက် စီးတီးနဲ့တွေ့တော့ ၄-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပါတယ်။ အဂူရိုက ဘောလုံးလမ်းကြောင်း မှန်းနိုင်ပြီး ဘယ်နေရာကို တိုက်စစ်ဆင်ရမလဲဆိုတာလည်း သိနားလည်ပါတယ်''လို့ ဗီဒစ်က ပြောပါတယ်။

လီဗာပူးတိုက်စစ်မှူးဟောင်း ဆွာရက်ဇ်နဲ့ပတ်သက်လို့ ဗီဒစ်က ဂိုးတွေသွင်းနိုင်ဖို့ အမြဲတမ်းဆာလောင်နေတဲ့ တိုက်စစ်မှူးအဖြစ် တင်စားသွားပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဗီဒစ်