ရှေ့သို့
Image

ယာယီနည်းပြ ရာထူး ကမ်းလှမ်းခဲ့တဲ့ ချဲလ်ဆီးကို ငြင်းခဲ့ဖူးတဲ့ ရက်နစ်

10:07 AM, 26 November

မန်ချက်စတာယူနိုက်တက်ရဲ့ ယာယီနည်းပြသစ်ဖြစ်လာတော့မယ့် ရာ့ဖ်ရက်နစ်ဟာ ဒီနှစ်ထဲမှာပဲ ချဲလ်ဆီးအသင်းက ယာယီနည်းပြရာထူးအတွက် ကမ်းလှမ်းမှုကို ပယ်ချခဲ့သေးတယ်လို့ သိရပါတယ်။

ဂျာမန်သားနည်းပြကြီးဟာ ယူနိုက်တက်ရဲ့ ယာယီနည်းပြဖြစ်လာတော့မှာဖြစ်ပြီး လက်ကျန်ရာသီဝက်ကို ယာယီနည်းပြ၊ လာမယ့်နွေရာသီကစပြီး ယူနိုက်တက်ရဲ့ အကြံပေးအနေနဲ့ ၂ နှစ်ဆက်လက် တာဝန်ယူသွားမယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ထဲမှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးမှုမှာ ရက်နစ်ဟာ ယူနိုက်တက်တာဝန်ရှိသူတွေကို သဘောကျစေခဲ့ပြီး ဘာစီလိုနာနည်းပြဟောင်း အာနက်စ်တိုဗယ်ဗာဒီနဲ့ လိုင်ယွန်နည်းပြဟောင်း ရူဒီဂါစီယာတို့ကို အသာစီးရသွားခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်အစောပိုင်းတုန်းက ရက်နစ်ကို ချဲလ်ဆီးအသင်းကလည်း ချဉ်းကပ်ခဲ့ဖူးပြီး အဲ့ဒီတုန်းကတော့ နည်းပြဖရန့်လမ်းပတ်ရဲ့ နေရာမှာအစားထိုးဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ၆၃ နှစ်အရွယ် ဝါရင့်နည်းပြကြီးက ယာယီနည်းပြလုပ်ဖို့ သဘောတူခဲ့ရင် သူ့ကိုယ်သူ အသုံးမကျသူလို့ ထင်တာကြောင့် အဆိုပါ ကမ်းလှမ်းမှုကို ငြင်းခဲ့တယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ချဉ်းကပ်မှုနဲ့ ပတ်သက်လို့ ရက်နစ်က “ကျွန်တော် ချဲလ်ဆီးကို “ငါမင်းတို့နဲ့ အလုပ်တွဲလုပ်ချင်ပေမယ့် လေးလလောက်လေးတော့ မလုပ်ချင်ဘူး။ ငါက ယာယီနည်းပြ မဟုတ်ဘူး” လို့ ပြောခဲ့ပါတယ်။ မီဒီယာတွေ၊ ကစားသမားတွေက ကိုယ့်ကို လေးလပဲခံမယ့် နည်းပြလို့ မြင်နေတာက ကိုယ့်ကိုယ်ကိုယ် အသုံးမကျတဲ့သူလို ခံစားရပါတယ်”လို့ ပြောခဲ့ဖူးပါတယ်။

ရက်နစ်ငြင်းခဲ့တာကြောင့် ချဲလ်ဆီးအသင်းဟာ သောမတ်တူချယ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပြီး ၄၈ နှစ်အရွယ်နည်းပြ စတမ်းဖို့ဒ်ဘရစ်မှာ အကောင်းဆုံး ပုံစံနဲ့ ပထမဆုံးရာသီမှာတင် ချန်ပီယံလိဂ်ဖလား ရယူပေးခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ သောမတ်စ်တူချယ်နဲ့ အတူပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးဖြစ်နေပြီ ဖြစ်ပါတယ်။

ရက်နစ်က တူချယ်နဲ့ ပတ်သက်လို့ “သောမတ်စ်က ကျွန်တော့်ကြောင့် နည်းပြဖြစ်လာတာပါ။ Ulm မှာတုန်းကဆို သူက ကျွန်တော့်ရဲ့ ကစားသမား တစ်ယောက်ပါ။ ဒါပေမယ့် ဒူးဒဏ်ရာကြောင့် သူ့ရဲ့ကစားသမားဘ၀ စောစောစီးစီး ရပ်တန့်ခဲ့ရတယ်။ အဲ့ဒါကြောင့် သူ့ကို ယူ ၁၅ အသင်းနည်းပြ ပေးခ့ပါတယ်။ သူက နည်းပြဖြစ်ဖို့တောင် ရည်ရွယ်ထားသူ မဟုတ်ပါဘူး၊ ကစားသမားဘဝက နားတော့ စတုဂတ်မြို့က ဘားတစ်ခုမှာတောင် အလုပ်ဝင်လုပ်နေသေးတယ်။ အခုချဲလ်ဆီးကို ကြည့်လိုက်ရင် ဘောလုံးပိုင်ဆိုင်မှု ရရ မရရ အပြန်အလှန် ထိုးဖောက်ဖို့ပဲ ကြိုးစားနေတာတွေ့ရတယ်။ ပြီးတော့ သောမတ်စ်ရဲ့ နည်းစနစ်တွေက ခေတ်မီတယ်။ ဇော့လို(တူချယ်ရဲ့ လက်ထောက်နည်းပြ) ဆိုလည်း လိုက်ပ်ဇစ်မှာတုန်းက ကျွန်တော့်ရဲ့ ကစားသမားနဲ့ လက်ထောက်နည်းပြပါပဲ။ သူ့ဆီကနေ သောမတ်စ်လိုမျိုး ခေါင်းဆောင်ကောင်း အရည်အချင်းမျိုး တွေ့ရမှာပါ။ သူ့ကို ခန့်လိုက်တာ အရမ်းကောင်းတဲ့ အဖြေပါပဲ။ သောမတ်စ်နဲ့ သူ့ကိုရွေးချယ်ခဲ့တဲ့ ချဲလ်ဆီးကို ဂုဏ်ယူပါတယ်”လို့ ပြောခဲ့ပါတယ်။

#ချဲလ်ဆီး #တူချယ် #ရက်နစ်