ရှေ့သို့
Image

၂၀၁၈ တုန်းက နည်းပြတစ်ယောက်ရဲ့ ပါဝါနဲ့ ပေါ့ဂ်ဘာကို ထိန်းပြခဲ့ဖူးတဲ့ ကာရစ်

1:09 PM, 25 November

မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြဟောင်း အိုလီဂန်နာဆိုးလ်ရှားကို ထုတ်ပယ်ခဲ့ပြီးနောက် မိုက်ကယ်ရစ်ကို ယူနိုက်တက်ရဲ့ ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။ အခုဆိုရင် ပထမဆုံးပွဲစဉ်အဖြစ် ဗီလာရီးရဲလ်ကို ချန်ပီယံလိဂ်မှာ ရင်ဆိုင်ကစားခဲ့ပြီး ၂-၀ နဲ့ အဝေးကွင်းနိုင်ပွဲ ရရှိခဲ့ပါတယ်။

ယူနိုက်တက်အနေနဲ့ အခြားဝါရင့် နည်းပြတစ်ဦးကို ယာယီနည်းပြအဖြစ် ခန့်အပ်ဖို့ကြိုးစားနေပေမယ့် ကာရစ်ကလည်း နည်းပြကောင်းတစ်ယောက်ဆိုတာ လွန်ခဲ့တဲ့ ၃ နှစ်က ဖြစ်ရပ်က သက်သေပြနေပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်က နည်းပြဂျိုဆေးမော်ရင်ဟိုကို ထုတ်ပယ်ခဲ့ပြီးနောက် ပေါ်တူဂီသားကြီးနဲ့ အဆင်မပြေဖြစ်ခဲ့တဲ့ ပေါလ်ပေါ့ဂ်ဘာဟာ ထရိန်နင်မှာ အသင်းတစ်ချို့နဲ့ လက်ဝါးချင်းရိုက်ပြီး အောင်ပွဲခံခဲ့တယ်လို့ သိရပါတယ်။

“သူက မငြိသင့်တဲ့သူနဲ့မှ လာငြိတာကိုးကွ ” ဆိုပြီး အော်ခဲ့ပါသေးတယ်၊ ဒါပေမယ့် ပေါ့ဂ်ဘာရဲ့အပြုအမူက ထရိန်နင်မှာရှိနေတဲ့ ကာရစ်ရဲ့ဒေါသကို ဆွသလိုဖြစ်သွားခဲ့ပါတယ်။ လက်ရှိယာယီနည်းပြဖြစ်နေတဲ့ ကာရစ်ဟာ ၂၀၁၈ တုန်းက နည်းပြအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ပေါ့ဂ်ဘာကို ဒေါသတကြီးနဲ့ “ ဘယ်ကောင်မှ အသင်းထက်ပိုပြီး ကြီးကျယ်ခမ်းနားမနေဘူးဆိုတာ မင်းမြဲမြဲမှတ်ထားစမ်း”ဆိုပြီး ကြိမ်းမောင်းခဲ့တယ်လို့ သိရပါတယ်။

ကာရစ်ရဲ့ အဲ့ဒီအချိန်က တုံ့ပြန်မှုဟာ ယူနိုက်တက်အကြီးအကဲတွေအတွက်တော့ ဒီလိုခက်ခဲနေတဲ့အချိန်မှာ ယာယီနည်းပြအဖြစ်ခန့်အပ်ဖို့အတွက် လုံလောက်နေခဲ့ပါတယ်။ ကာရစ်ဟာ ယူနိုက်တက်ရဲ့ သရဲနီသွေးစီးဆင်းနေတဲ့ သရဲနီစစ်စစ်ဆိုတာကို အလုပ်နဲ့သက်သေပြနိုင်ခဲ့တာပါ။ နည်းပြဘဝကို စောစောစီးစီး ဝင်ရောက်လာတဲ့ ယူနိုက်တက် ကွင်းလယ်လူဟောင်းဟာ အင်္ဂါညက ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း အသင်းကို ကောင်းကောင်းဦးဆောင်နိုင်ခဲ့ပါတယ်။

ဗီလာရီးရဲလ်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ကာရစ်က “ဒီရလဒ်က ကျွန်တော်တို့အသင်းရဲ့ လက်ရှိအခြေအနေတွေ အတွက် ဖြေသိမ့်စရာ ဖြစ်ခဲ့တယ်ဆိုတာကတော့ ငြင်းမရပါဘူး။ ကစားသမားတွေအတွက်လည်း နိုင်ပွဲရဖို့ ၊ ဂိုးမပေးရဖို့ အရမ်းအရေးကြီးနေတဲ့အချိန်ပါ။ ဒေးဗစ်(ဒီဂီယာ) ကတော့ ဒီပွဲမှာလည်း ထပ်ပြီးအရေးပါတဲ့သူ ဖြစ်ခဲ့ပြန်ပါတယ်။ အကြီးမားဆုံး တိုးတက်မှုကတော့ အားလုံးနိုင်လိုစိတ်နဲ့ ကြိုးစားအားထုတ်မှုတွေပါပဲ။ လက်ရှိအချိန်မျိုးက ခံစားချက်တွေ အရမ်းရောထွေးနေမှာပါ။ လူတွေရဲ့ စိတ်ကိုခပ်ကြမ်းကြမ်း စမ်းသပ်တဲ့ အချိန်ကာလလို့လည်း ပြောလို့ရပါတယ်။ အားလုံးက ကျွန်တော့်ကို ကူညီကြတယ်၊ နည်းပြအဖွဲ့ဝင်တွေဆိုရင်လည်း နိုင်ပွဲရဖို့ အစွမ်းကုန်ကြိုးစားပေးခဲ့ကြပါတယ်။ ဒီအတွက် အရမ်းဝမ်းသာတယ်၊ ကြီးမားတဲ့ အလှည့်အပြောင်းတစ်ခုပါပဲ”ဆိုပြီး ပြောသွားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဆိုးလ်ရှား #ကာရစ်