ရှေ့သို့
Image

လက်ရွေးစင် တပည့်တွေကို အဆင့်မြင့်သင်ခန်းစာ ပို့ချပေးမှုအဖြစ် မန်စီးတီးရဲ့ နိုင်ပွဲကို ဟားဂရေ့ဗ် ချီးကျူး

10:21 AM, 25 November

အင်္ဂလန်ကွင်းလယ်လူဟောင်း အိုဝင်ဟားဂရေ့ဗ်က မန်စီးတီးအနေနဲ့ ပီအက်စ်ဂျီကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ လက်ရွေးစင်တပည့်တွေကို အဆင့်မြင့်သင်ခန်းစာ ပို့ချပေးသွားတယ်လို့ ချီးကျူးလိုက်ပါတယ်။

ဟားဂရေ့ဗ်က ဖိုဒန်နဲ့ ဒီဘရိုင်းတို့မပါဝင်ဘဲ ပီအက်စ်ဂျီကို နောက်ကနေ လိုက်ကစားကာ အနိုင်ယူခဲ့တဲ့ စီးတီးရဲ့အရည်အချင်းကို အထင်ကြီးမိကြောင်း ဝန်ခံပါတယ်။ ဒါ့အပြင် BT Sport ရဲ့ Pundit ဖြစ်တဲ့ ဟားဂရေ့ဗ်က ပီအက်စ်ဂျီကြယ်ပွင့်တွေဖြစ်တဲ့ မက်ဆီနဲ့ နေမာတို့လည်း အီတီဟတ်မှာ ကစားသွားတဲ့ စီးတီးရဲ့ခြေစွမ်းအပေါ် မနာလိုအားကျနေလိမ့်မယ်လို့လည်း ပြောပါတယ်။

''စီးတီးကတော့ သီးသန့်ရွေးထုတ်ထားတဲ့ လက်ရွေးစင်တပည့်တွေကို အဆင့်မြင့်သင်ခန်းစာတွေ လက်တွေ့ပို့ချသွားတာပါပဲ။ ဒါတောင် သူတို့မှာ ဖိုဒန်နဲ့ ဒီဘရိုင်းတို့မပါဘူးနော်။ မက်ဆီနဲ့ နေမာတို့လည်း သူတို့အနေနဲ့ စီးတီးလိုကစားတဲ့အသင်းမျိုးမှာ ကစားခွင့်ရပါလို၏ဆိုပြီး ဆုတောင်းနေပါလိမ့်မယ်''လို့ ဟားဂရေ့ဗ်က ပြောပါတယ်။

စီးတီးနောက်ခံလူဟောင်း လက်စကော့ကလည်း ဟားဂရေ့ဗ်ရဲ့သဘောထားကို ထောက်ခံခဲ့ပါတယ်။

#မန်စီးတီး #ပီအက်စ်ဂျီ #ချန်ပီယံလိဂ် #ဟားဂရေ့ဗ်